သံချပ်ဖျော်ဖြေမှုကြောင့် တရားစွဲဆိုခံရတာပါ။

အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နဲ့ တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ငါးဦးကို ဒီကနေ့ ဧပြီလ ၂၉ ရက်က မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒုတိအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

(ရုံးထုတ်စဉ်မြင်ကွင်း)

ဒီကနေ့ ရုံးချိန်းမှာ တရားစွဲခံရသူ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဖိုးသား၊ ကိုပိုင်စိုးလင်းနဲ့ မကေခိုင်ထွန်းတို့က ရှေ့နေပါဝါတင်ခဲ့ပြီး တရားစွဲခံရတဲ့ မကေခိုင်ထွန်းကို အမှုကနေ ပလပ်ပေးဖို့ သံချပ်အဖွဲ့ခေါင်းဆောင် ကိုပိုင်ရဲသူက တရားခွင်မှာ တောင်းဆိုထားခဲ့တာကို သိရပါတယ်။

“ကျွန်တော်တို့ အဖွဲ့ထဲမှာပါတဲ့ မကေခိုင်ထွန်းက သံချပ်အဖွဲ့ ခေါင်းဆောင်လည်း မဟုတ်ဘူး။ အတိုင်လည်း မဟုတ်ဘူး။ အဖောက်လည်း မဟုတ်ဘဲနဲ့ စစ်တပ်က ဦးတိုက်လျှောက်ထားမှုနဲ့ သူ့ကို ဖမ်းထားတယ်။ ဒါက မဖြစ်သင့်တဲ့ကိစ္စ။ သံချပ်တစ်ဖွဲ့လုံးကိုဖမ်းမယ်ဆို တစ်ဖွဲ့လုံးကို ပုဒ်မ ၅၀၅ နဲ့ ဦးတိုက်လျှောက်ပြီး ဖမ်းပါ။ ဒါမှမဟုတ် အဖွဲ့ခေါင်းဆောင်တွေပဲ ဖမ်းမယ်ဆို မကေခိုင်ထွန်းကို ပြန်လွှတ်ပေးဖို့လိုတယ်” လို့ တရားစွဲခံရသူ ကိုပိုင်စိုးသူက တရားခွင်အထွက်မှာ ပြောခဲ့ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို သင်္ကြန်ကာလအတွင်း သံချုပ်ဖျော်ဖြေရာမှာ တပ်မတော်ကို ထိခိုက်စေတဲ့ စာသားတွေ ပါဝင်တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး တရားလို ပြုလုပ်ပြီး မရမ်းကုန်းမြို့နယ်တရားရုံးကို ဦးတည် လျှောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။

“ဥပဒေအတိုင်းဆောင်ရွက်တာဖြစ်ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး” လို့ တရားလို ပြုလုပ်သူ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားခွင်အထွက်မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

(ရုံးထုတ်စဉ်မြင်ကွင်း)

အခုလို တရားစွဲဆိုတာဟာ သံချပ်ထိုးတာကို ကြောက်တဲ့လူတစ်စုရှိနေတာကို သက်သေပြခဲ့ပြီး သံချပ်ထိုးလို့ ထောင်ကျတဲ့ခေတ်ကို အမှန်တကယ်ရောက်နေပြီလို့ ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့မှ တရားစွဲခံရသူတွေက ပြောပါတယ်။

“ကျွန်တော်တို့ ဟာ ခေတ်တစ်ခေတ်ရဲ့ အမြီးအမောက်မတည့်မှုကို ကျွန်တော်တို့က သံချပ်ထိုးတယ်။ အခုတော့သံချပ်ထိုးလို့ ထောင်ကျတဲ့ခေတ်ကို ရောက်ပါပြီ” လို့ တရားစွဲခံရသူကိုဖိုးသားက ပြောပါတယ်။

နောက်ထပ်ရုံးချိန်းကို မေလ ၁၃ ရက်ကို ပြန်လည် ချိန်းဆိုထားတယ်လို့ သိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ငါးဦးစလုံး အာမခံမရဘဲ အင်းစိန် အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က