တစ်လအတွင်း ထိတွေ့ခဲ့သူအားလုံးကို ဓာတ်ခွဲနမူနာစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်တိုင်းဦးစီးစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးမှာ COVID 19 ရောဂါပိုးကူးစက်ခံရပြီးတဲ့နောက် သူနဲ့ ထိတွေ့ခဲ့သူ (၃၀၀)ကျော်ကို စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ 

စစ်ဆေးခဲ့တဲ့ လူဦးရေ (၃၀၀)ကျော်က အတည်ပြုလူနာနဲ့ တစ်လအတွင်း ထိတွေ့ခဲ့သူတွေဖြစ်ပြီး သူတို့အားလုံးမှာရောဂါပိုးမတွေ့ရှိတာကြောင့် လူနာရောဂါကူးစက်ခံရမှုအကြောင်းအရင်းကို ရှာဖွေစစ်ဆေးနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက Duwun ကိုပြောပါတယ်။ 



“ အခု စစ်ဆေးပြီးတဲ့ (၃၀၀)ကျော်က လူနာနဲ့ တစ်လအတွင်းထိတွေ့ထားတဲ့သူတွေပါ။ သူတို့အားလုံးမှာ ရောဂါပိုးမတွေ့ရှိရဘူးဆိုတော့ ဘယ်ကနေရောဂါကူးလဲဆိုတာစဉ်းစားစရာပါ။ အဲဒီတော့ ကျွန်တော်တို့က အခု လွန်ခဲ့တဲ့ တစ်လကျော်က ထိတွေ့ခဲ့သူတွေရဲ့ ရာဇဝင်ကို ပြန်လိုက်ပြီး သူတို့ကို ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်သွားမယ်။ အခုတော့ လူနာရဲ့ နောက်ကြောင်းရာဇဝင်ကို ပြန်လိုက်နေပါတယ်” ဗိုလ်ချုပ်ထွန်းထွန်းညီကပြောပါတယ်။ 

အခုရောဂါပိုးကူးစက်ခံရတဲ့ တပ်မတော်သားဟာ မြန်မာနိုင်ငံမှာ ပထမဆုံး စစ်သည်တစ်ဦး ရောဂါကူးစက်ခံရတာဖြစ်ပါတယ်။ လက်ရှိမှာ လူနာရဲ့ ကျန်းမာရေးကကောင်းမွန်လျှက်ရှိပြီး တပ်မတော်က စီစဉ်ထားတဲ့ COVID 19 ကုသရေးဆေးရုံကြီးမှာဘဲ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်သည်တစ်ဦးရောဂါကူးစက်ခံထားရသလို ရုရှားကိုရောက်ရှိနေတဲ့ မြန်မာ့တပ်မတော်သားတွေ (၅)ဦးမှာလည်း ရောဂါပိုးကူးစက်ခံထားရတယ်လို့ သိရပါတယ်။ 

အဆိုပါ တပ်မတော်သား (၅)ဦးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွေကိုတော့ ရုရှားဘက်ကပဲ အကုန်တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ ဗိုလ်ချုပ်ထွန်းထွန်းညီကပြောပါတယ်။ တပ်မတော်မှာ COVID-19 ရောဂါရှာဖွေရေးစက်နှစ်လုံးရှိပြီး ပိုးတွေ့အတည်ပြုလူနာအပြင် ထိတွေ့သူတွေအားလုံးကို တပ်မတော်ဆေးရုံမှာတပ်ဆင်ထားတဲ့ ရှာဖွေရေးစက်တွေနဲ့ စမ်းသပ်စစ်ဆေးတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က