ယူရိုပါလိဂ် ဆီမီး ပထမအကျော့ပွဲတွေ ကစားသွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအ‌ကျော့ပွဲတွေမှာတော့ စီးရီးအေကလပ်တွေ ရလဒ်မဆိုးခဲ့ဘူးလို့ ပြောရမှာပါ။ ရိုးမား၊ ဂျူဗင်တပ်စ်နှစ်သင်းလုံး အိမ်ကွင်းကစားခဲ့ရပြီး ရိုးမားက လေဗာကူဆင်ကို အနိုင်ရရှိခဲ့သလို ဂျူဗင်တပ်စ်ကလည်း နောက်ကျဂိုးကြောင့် ကံကောင်းခဲ့ပါတယ်။



ဂျူဗင်တပ်စ်ဟာ ဆီဗီလာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပွဲကစားချိန် (၂၆) မိနစ်ကတည်းက ပြိုင်ဘက် အယ်လ်နာဆရီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှာတော့ ဖက်ဒရီကိုဂတ်တီက ဂျူဗင်တပ်စ်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

မော်ရင်ဟိုနဲ့ အလွန်ဆိုတို့ ဆရာတပည့်ဟောင်း နှစ်ယောက် ပြန်လည် ထိပ်တိုက်တွေ့တဲ့ပွဲမှာတော့ ရိုးမားက အိမ်ကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ရိုးမားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် (၆၂) မိနစ်မှာ ဘိုဗီက သွင်းယူပေးခဲ့ပါတယ်။

စီးရီးအေနှစ်သင်းလုံးကတော့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ခြင်းမရှိပေမယ့် ဂျူဗင်တပ်စ်ကတော့ ဒုတိယအကျော့ကို စပိန်မြေမှာ သွားရောက် ကစားရမှာကြောင့် ခက်ခဲသွားပြီလို့ ဆိုရမှာပါ။ ဒါ့အပြင် ရိုးမားကလည်း ကျဥ်းမြောင်းတဲ့ အနိုင်ရလဒ်ကြောင့် ဒုတိယအကျော့အတွက် စိတ်ချလို့ မရသေးပါဘူး။

ယူရိုပါကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဥ်တွေမှာတော့ စီးရီးအေကလပ် ဖီအိုရင်တီးနားက မထင်မှတ်ဘဲ ဘေဆယ်လ်ကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်တို့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ‌နောက်ကျချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးလိုက်ရတာပါ။ ဝက်စ်ဟမ်းကတော့ အိမ်ကွင်းမှာ AZ အယ်လ်ခမာကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က