ဟာလန်းကတော့ ဘယ်လိုမှကို ထိန်းမရအောင် ခြေစွမ်းပြနေပြီး မန်စီးတီးကို အမှတ်ပေးဖလားရယူနိုင်ရေးအတွက် သွင်းဂိုးတွေနဲ့ ကူညီပေးနေပါပြီ။ လက်စတာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟာလန်းက ၂ဂိုးထပ်သွင်းယူခဲ့ကာ ဒီရာသီ သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက ၃၂ ဂိုးအထိ ရှိလာခဲ့ကာ ဆာလာရဲ့ တရာသီအတွင်း လိဂ်ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကိုပါ လိုက်မီသွားခဲ့ပါတယ်။
ဆာလာက ၃၈ ပွဲလုံးကစားပြီး ၃၂ ဂိုးသွင်းယူကာ စံချိန်တင်ထားတာဖြစ်ပေမယ့် ဟာလန်းကတော့ ပွဲ ၃၀ ကစားပြီးချိန်မှာပဲ ၃၂ ဂိုးရယူနိုင်ခဲ့တာပါ။ နောက်ထပ် ၁ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင်တော့ တရာသီအတွင်း လိဂ်ဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်သစ်ကို ရေးထိုးနိုင်မှာဖြစ်ကာ ပရီးမီးယားလိဂ်မှာတော့ သမိုင်းဝင်မှတ်တမ်းဖြစ်လာတော့မှာပါ။
ဟာလန်းက တပွဲကို ၂ ဂိုးနှုန်းသွင်းနေပြီး အသင်းကလည်း နိုင်ပွဲတွေဆက်တိုက်ရရှီနေခဲ့တာပါ။ ဒါကြောင့် အခုဆိုရင် အာဆင်နယ်နဲ့ ပွဲအရေအတွက်တူကစားပြီး ၃ မှတ်သာ ကွာဟတော့ကာ သူတို့နှစ်သင်းထိပ်တိုက်တွေ့မယ့် ပွဲစဉ်က ချန်ပီယံဖလားအတွက် အဆုံးအဖြတ်ပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ဒီနေ့မှာ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းမှာ ကစားရဖို့ရှိနေပါတယ်။
လက်ကျန်ပွဲစဉ်အနေအထားအရ အာဆင်နယ်က ပွဲပိုကျပ်ပြီး ရုန်းကန်ရဖို့လည်း ရှိတာကြောင့် မန်စီးတီးတို့ အမှတ်ပေးဖလားကို ရယူနိုင်ရေး မျှော်လင့်ချက်က ပိုပြီးအားကောင်းလာခဲ့ပါတယ်။ ဟာလန်းကတော့ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ သေချာသွားပြီဖြစ်ကာ ဂိုးသွင်းစံချိန်သစ်ကို ဘယ်နှစ်ဂိုးနဲ့ တင်နိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
လက်ရှိခြေစွမ်းကိုသာ သူ ထိန်းထားနိုင်ပြီး တပွဲကို တဂိုးနှုန်းနဲ့ပဲ တွက်ရင်တောင် ရာသီကုန်မှာ ဂိုး ၄၀ အထိ သူ ရယူနိုင်မှာဖြစ်လို့ ဘယ်တိုက်စစ်မှူးမျိုးမှ မလုပ်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို သူ ပြသနိုင်မှာလည်းဖြစ်ပါတယ်။