စာချုပ်ပါစည်းကမ်းကြောင့် နာရီဝက်အောက်သာ ကစားနေရတာပါ။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမားဂရစ်မန်းကတော့ ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ၅ ပွဲကစားပေးပြီးချိန်မှာ ၃ ဂိုးအထိ သွင်းယူပေးထားပြီးပါပြီ။ ပေါ်တိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဂရစ်မန်းက လူစားဝင်လာခဲ့ပြီးနောက် နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးပြီး ၂-၁ နဲ့ အသင်းကို နိုင်ပွဲရစေခဲ့ပါတယ်။ 

ဘာစီလိုနာကနေ အငှားနဲ့ လာကစားနေတဲ့ ဂရစ်မန်းအတွက် အဆင်မပြေမှုတွေကတော့ ရှိနေပါတယ်။ အဲဒါကတော့ အေတီကိုမှာ သူက တပွဲကို နာရီဝက်ထက်ပိုပြီးတော့ ကစားခွင့်မရတာဖြစ်ပါတယ်။ ဘာကာနဲ့ အေတီကိုတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါသဘောတူညီချက်အရ ဂရစ်မန်းကို မိနစ် ၃၀ အထက် ကစားစေခဲ့မယ်ဆိုရင် ယူရိုသန်း ၄၀ နဲ့ မဖြစ်မနေဝယ်ယူရမယ်ဆိုတဲ့ အချက်က ပါဝင်နေတာပါ။ 

အေတီကိုက ဂရစ်မန်းကို အလိုရှိပေမယ့်လည်း အဆိုပါပြောင်းရွှေ့ကြေးသတ်မှတ်ထားမှုက များပြားတယ်လို့ ယူဆခဲ့ပါတယ်။ ဘာကာနဲ့ ညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်နေခဲ့တာကြောင့် အေတီကိုနည်းပြဆီမြွန်နီက သူ့တပည့်ကို နာရီဝက်နီးပါးသာ အသုံးပြုနေရပါတယ်။ ဒါကြောင့် ဒီရာသီ ၅ ပွဲမှာ ဂရစ်မန်းက ၂၈ မိနစ်၊ ၂၈ မိနစ်၊ ၂၆ မိနစ်၊ ၂၇ မိနစ်၊ ၂၉ မိနစ် ဆိုပြီးတော့သာ ကစားထားခဲ့ရပါတယ်။ 

တကယ်လို့သာ ဂရစ်မန်းကို ပွဲထွက်အသုံးပြုခဲ့မယ်ဆိုရင် နာရီဝက်မပြည့်ခင်ပဲ လူစားပြန်လဲလှယ်ရမှာပါ။ ဒုတိယပိုင်းမှာ လူစားဝင်မယ်ဆိုရင်လည်း မိနစ် ၆၀ ကျော်မှ လဲလှယ်ဝင်ကစားနိုင်မှာဖြစ်လို့ ပြင်သစ်ကစားသမားအတွက် တော်တော်လေးအဆင်မပြေ ဖြစ်နေရတဲ့အနေအထားမှာရှိနေခဲ့ပါတယ်။ ဒါကို ပြေလည်အောင် ညှိနှိုင်းဖို့လည်း သူက နှစ်သင်းစလုံးကို တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ 


ပြင်သစ်တိုက်စစ်မှူးအန်တိုနီယိုဂရစ်မန်းက ရီးရဲလ်ဆိုဆီဒက်ကို ပြောင်းရွှေ့ခဲ့ချိန်မှာ ထင်ပေါ်ခဲ့ပါတယ်။ လူငယ်အသင်းကနေ လူကြီးအသင်းကိုရောက်ရှိခဲ့ပြီးနောက် သူ့ခြေစွမ်းပြသမှုတွေအတွက် အက်သလက်တိကိုမက်ဒရစ်ကခေါ်ယူခဲ့ပြီး ၅ နှစ်ကြာကစားပြီးနောက်

ဘာစီလိုနာကို ထပ်မံပြောင်းရွှေ့ခဲ့သူပါ။ ဘာကာမှာတော့ ခြေစွမ်းသိပ်မပြနိုင်ခဲ့လို့ အသင်းဟောင်းအေတီကိုကို အငှားနဲ့ပြန်ကစားခဲ့ရပါသေးတယ်။ ပြင်သစ်အတွက်တော့ ဆယ်စုနှစ်တခုနီးပါးကစားပေးထားပြီး ပွဲပေါင်း ၁၀၀ ကျော်ကစားပေးထားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က