ချန်ပီယံလိဂ်မှာ တပွဲတည်း ၅ ဂိုးသွင်းတဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

မန်စီးတီးက လိုက်ဇစ်ကို ၇ ဂိုးအထိ သွင်းယူပြီး အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာတော့ ဟာလန်းတဦးတည်းက ၅ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဒါဟာ ချန်ပီယံလိဂ်သမိုင်းမှာ တပွဲတည်း ၅ ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပြီး မက်ဆီနဲ့ လူးဝစ်အက်ဒရီယာနိုတို့ရဲ့ စံချိန်ကို လိုက်မီသွားခဲ့တာလည်းဖြစ်ပါတယ်။ 

ဘာစီလိုနာကစားသမားဘ၀မှာ မက်ဆီက လေဗာကူဆင်နဲ့ကစားခဲ့တဲ့ ပွဲမှာ ၅ ဂိုး သွင်းယူခဲ့ပြီး ၈၄ မိနစ် အချိန်ယူခဲ့ရပါတယ်။ အက်ဒရီယာနိုကလည်း ဘိတ်ဘိုရီဆော့ဗ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ရှက်တာဒိုးနတ်အတွက် ခြေစွမ်းပြခဲ့ကာ ၈၂ မိနစ်အတွင်း ၅ ဂိုးရရှိခဲ့တာပါ။ ဒါပေမယ့် ဟာလန်းကတော့ လိုက်ဇစ်နဲ့ပွဲမှာ ၅၇ မိနစ်အတွင်း ၅ ဂိုး သွင်းယူခဲ့ပြီး သူ့ရဲ့ စံချိန်မှတ်တမ်းက ပိုမိုကောင်းမွန်ခဲ့ပါတယ်။ 



ပထမအကျော့မှာ ၁ ဂိုးစီသရေကျခဲ့ပေမယ့် အိမ်ကွင်းမှာတော့ မန်စီးတီးက ဂိုးမိုးရွာခဲ့ပြီး ပြိုင်ဘက်ကို ပြတ်ပြတ်သားသားအနိုင်ယူခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ဘတ်ပီရဲ့ ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံးကစားသမားအဖြစ် ဂိုးပေါင်း ၃၀ ပြည့်ခဲ့တဲ့ မှတ်တမ်းကိုလည်း ကျော်ဖြတ်နိုင်ခဲ့ကာ ထူးခြားစံချိန်တွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဟာလန်းက သူ့အနေနဲ့ ဒီထက်ဂိုးတွေပိုသွင်းနိုင်ခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပြီး ၅ ဂိုးတည်း ရရှိခဲ့တာကိုတောင်မှ သိပ်မတင်းတိမ်တဲ့သဘောမှာရှိနေခဲ့ပါတယ်။ သူ ဘောလုံးထိချက် ၅ ကြိမ်ရှိတိုင်းမှာ ဂိုး ၅ ဂိုး သွင်းယူနိုင်ဖို့က သူ့ရဲ့ အိပ်မက်ပဲလို့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြောဆိုခဲ့တဲ့ စကားကို ဟာလန်းက အကောင်အထည်ဖော်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

ဟာလန်းက ၂၂ မိနစ်၊ ၂၄ မိနစ်၊ ၄၅ မိနစ်၊ ၅၄ မိနစ်နဲ့ ၅၇ မိနစ်တွေမှာ ဂိုးတွေသွင်းယူခဲ့တာဖြစ်ပြီး လိုက်ဇစ်အတွက်တော့ ဒီရှုံးပွဲဟာ တော်တော်လေးမျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က