မီထရိုဗစ် တော်တော်လေးခြေစွမ်းပြခဲ့တာပါ။

ဒီကနေ့ညအစောပိုင်းမှာ ကစားသွားတဲ့ ဖူလ်ဟမ်နဲ့လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်ကတော့ နှစ်ဂိုးစီသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲမှာ ဖူလ်ဟမ်က မီထရိုဗစ်ရဲ့ဂိုးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် လီဗာပူးက ဒါဝင်နူးနက်ဇ်၊ ဆာလာတို့ရဲ့ ဂိုးတွေကြောင့် တဖက်နှစ်ဂိုးစီသရေနဲ့ ပွဲပြီးဆုံးသွားခဲ့တာပါ။



ပထမပိုင်းမှာ ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုးကို တီတီရဲ့ဖြတ်တင်ဘောကတဆင့် မီထရိုဗစ်က အာနိုးလ်နဲ့အပြိုင် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒီဂိုးမှာ အာနိုးလ်တယောက် မီထရိုဗစ်ရဲ့ ခွန်အားကိုယှဥ်နိုင်ခဲ့ခြင်းမရှိသလို ခေါင်းလည်း မဦးခဲ့တာကြောင့် လီဗာပူးတို့ ဦးဆောင်ဂိုးပေးလိုက်ရတာပါ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာလည်း မီထရိုဗစ်ကြောင့် နောက်ထပ် လီဗာပူးကစားသမားနှစ်ယောက် ဒုက္ခရောက်ခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်တယောက် ဖူလ်ဟမ်ကွင်းဘက်ခြမ်းမှာ မီထရိုဗစ်နဲ့ ဘော်ဒီချင်းယှဥ်တိုက်ခဲ့ပြီး လွင့်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်တို့ ၁-၀ ဂိုးနဲ့ဦးဆောင်ထားချိန်မှာ မီထရိုဗစ်က တန်ပြန်တိုက်စစ်စတင်ဖို့အတွက် အခုလိုပဲ ဟန်ဒါဆန်နဲ့ ဘောလုံးယှဥ်လုခဲ့ရသလို အဲ့ဒီနောက်မှာလည်း ပြိုင်ဘက်နောက်ခံလူ ဗန်ဒိုက်ချ်ကိုပါ လှည့်စားပြီး ဒုက္ခပေးသွားခဲ့တာပါ။



ဖူလ်ဟမ်တို့ရရှိသွားတဲ့ ဒုတိယမြောက်ဂိုးမှာလည်း မီထရိုဗစ်က ဗန်ဒိုက်ချ်ရဲ့ တားဆီးမှုကို ပါးပါးနပ်နပ်နဲ့ ကျော်ဖြတ်ရင်း ပင်နယ်တီရယူသွားခဲ့တာလို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။ ဒီကတဆင့်ရရှိလာတဲ့ ပင်နယ်တီကို မီထရိုဗစ်ကပဲ အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပါတယ်။

ဒီပွဲမှာ မီထရိုဗစ်ရဲ့ ခြေစွမ်းက လေးစားလောက်စရာ အနေအထားမှာရှိခဲ့ပြီး ဝါရင့်တိုက်စစ်မှူးဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ လီဗာပူးနောက်တန်းကို တောက်လျှောက် ဒုက္ခပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖူလ်ဟမ်နောက်တန်းက အမှားအယွင်းတွေရှိခဲ့ပြီး ဒါဝင်နူးနက်ဇ်က နောက်ပေါက်ကန်ချက်နဲ့ ချေပဂိုးသွင်းခဲ့သလို ဆာလာကလည်း ဖူလ်ဟမ်နောက်ခံလူတွေရဲ့ အမှားကို အခွင့်ကောင်းယူကာ ချေပဂိုးတွေ သွင်းယူခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က