ဖလာမင်ဂိုနဲ့ ကစားခဲ့တဲ့ပွဲမှာ ဖြစ်ပျက်ခဲ့တာပါ။

ဘရာဇီးလ်ကလပ်အက်သလက်တီကိုမင်နဲရိုးတိုက်စစ်မှူး ဟော့ခ်ဟာ ဖလာမင်ဂိုနဲ့ကစားခဲ့တဲ့ ကိုပါဒိုဘရာဇီးလ်ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ပွဲကို ဝင်ရောက်ကစားပေးခဲ့ပြီး အဆိုပါတပွဲတည်းနဲ့ ကိုယ်အလေးချိန် ၆ ကီလိုအထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။  အကြောင်းရင်းကတော့ ချွေးအရမ်းထွက်လွန်းအားကြီးပြီး ရေဓာတ်ခန်းခြောက်တဲ့အထိ ဖြစ်ခဲ့ရတာလို့လည်း သိရပါတယ်။ 

အဆိုပါပွဲမှာ ချယ်လ်ဆီးနောက်ခံလူဟောင်းဒေးဗစ်လုဇ် ပါဝင်ကစားနေတဲ့ ဖလာမင်ဂိုက ၂-၀နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၂ နဲ့ နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဟော့ခ်ကတော့ ပွဲချိန်အတွင်း ရေကုန်ရေခမ်းလိုက်ကစားပေးနေခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့သလို အသင်းကို မကယ်တင်နိုင်ခဲ့တဲ့အပြင် ပွဲအပြီး တားမြစ်ဆေးစစ်ဆေးမှုအတွက် ဆီးနမူနာပေးဖို့အတွက်ပါ အချိန် ၄ နာရီအထိ ယူခဲ့ရပါတယ်။ 

ဒီအကြောင်းကို ဟော့ခ်က ပြန်လည်ပြောပြခဲ့ရာမှာတော့ "အက်သလက်တီကိုမင်နဲရိုးကို ရောက်ချိန်ကစပြီး ဒီပွဲက ကျနော် ချွေးအထွက်ဆုံးပွဲပဲ၊ ဒီနေ့မှာဆို ကျနော် ၆ ကီလိုလောက် ကျသွားတယ်၊ အရမ်းလည်း နွမ်းနယ်နေပြီး ပင်ပန်းနေတယ်၊ ဒီပွဲမတိုင်ခင်မှာ ကျနော်က ၉၇ ကီလိုရှိတယ်၊ ပွဲလည်းပြီးရော ၉၁ ကီလိုပဲ ကျန်တော့တာ၊ ပြီးတော့ တားမြစ်ဆေးစစ်ဖို့ လုပ်ရသေးတယ်"

"၄ နာရီလောက်တော့ ကြာသွားတယ်၊ ကျနော် ရေ လီတာ ၃၀ လောက် သောက်ခဲ့ရတယ်၊ ဒါတောင်မှ ဆီးသွားဖို့ တော်တော်လေးခက်ခဲ့သေးတယ်ဗျာ၊ နောက်ဆုံးတော့လည်း ဆီးသွားလို့ရခဲ့ပြီး ကျနော် အိမ်ပြန်လို့ရသွားပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။ ဟော့ခ်ကို စောင့်နေဖို့မဖြစ်နိုင်တာကြောင့် မင်နဲရိုးအသင်းက အရင်ပြန်သွားပြီး ဟော့ခ်ကတော့ Private Jet နဲ့ ပြန်သွားခဲ့တယ်လို့လည်း သိရပါတယ်။ 

Share

က္က