လီဗာပူးကွင်းလယ်ကြယ်ပွင့် ဝစ်ဂျ်နယ်ဒန်က လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ မယုံကြည်နိုင်ဖွယ် စံချိန်အတိုင်း လိုက်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အာစင်ဝင်းဂါးရဲ့ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီ အောင်ပွဲရ အာဆင်နယ်အသင်းဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ ခေတ်သစ်ထိပ်တန်းပြိုင်ပွဲမှာ ၃၈ ပွဲကစားပြီး တစ်ပွဲမှ မရှုံးနိမ့်ဘဲ ချန်ပီယံဖြစ်ခဲ့တဲ့ တစ်ခုတည်းသောအသင်းအဖြစ် စံချိန်တင်ထားဆဲဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပေမယ့် မန်ချက်စတာစီးတီးအသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာကနေသာ ရာသီပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်အစပွဲစဉ် ၈ ပွဲစလုံးကို အနိုင်ရရှိထားပြီး ဝစ်ဂျ်နယ်ဒန်က တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ကစားနိုင်လိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“ဖြစ်နိုင်ပါတယ်။ ဘယ်သူကမှ ဘယ်လိုဖြစ်လာမယ်ဆိုတာကို မသိပါဘူး။ ကျွန်တော်တို့ အခုအထိ ကံကောင်းမှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြင်းပြင်းထန်ထန်လည်း ကြိုးစားအားထုတ်ရပါလိမ့်မယ်”
“အာဆင်နယ်အသင်းက သူတို့ ချန်ပီယံဖြစ်ခဲ့တဲ့ရာသီမှာ တစ်ပွဲမှ မရှုံးဘူးဆိုတဲ့အကြောင်းကို ကျွန်တော်တို့ စဉ်းစားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပွဲစဉ်တိုင်းမှာ အရာအားလုံးပေးဖို့ပဲ ကြိုးစားသွားမှာပါ”လို့ Mirror ကို ပြောကြားခဲ့ပါတယ်။
ဥရောပချန်ပီယံလီဗာပူးအသင်းဟာ တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်း အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲစဉ်မှာ ၎င်းတို့ရဲ့ ပြီးပြည့်စုံတဲ့ ရာသီအစကို ရှေ့ဆက်နိုင်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။