ထီလက်မှတ်တန်ဖိုးကို တစ်ထောင်တန် ပြောင်းလဲ သတ်မှတ်ပြီးတဲ့နောက် ပထမတစ်လမှာ လက်ကျန်မရှိခဲ့ပေမဲ့ ဒုတိယလမှာ စောင်ရေ ၄ သန်းကျော်၊ တတိယလမှာ ၂ သန်းကျော်နဲ့ စတုတ္ထလဖြစ်တဲ့ ယခု မေလအတွင်းမှာ ၅ သန်းကျော် ရောင်းမကုန်ဘဲ ကျန်ရှိနေခဲ့ပါတယ်။
အောင်ဘာလေထီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစပြီး အမြင့်ဆုံး သိန်းတစ်သောင်းဆုမှ သိန်း တစ်သောင်းခွဲဆုသို့ တိုးမြှင့်လိုက်ပြီး ထီလက်မှတ်ဈေးနှုန်းကိုလည်း ငါးရာကျပ်မှ တစ်ထောင်ကျပ်သို့ နှစ်ဆတိုးမြှင့်လိုက်ပြီးတဲ့နောက် ထီလက်မှတ်တွေ ရောင်းမကုန်ဘဲ ကျန်ရှိမှု များပြားနေတယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရပါတယ်။
“ ကျပ်တစ်ထောင်တန်စတင်ရောင်းချတဲ့ ပထမလက ထီလက်ကျန်မရှိဘူး၊ ဒုတိယလမှာ(၁၁)စောင် ထီအုပ်ရေ (၄)သိန်းကျော်( စောင်ရေ ၄ သန်းကျော်)၊ တတိယလမှာအုပ်ရေ (၂)သိန်းကျော်(စောင်ရေ ၂သန်းကျော်)နဲ့ ယခု စတုတ္တ မေလမှာတော့ အုပ်ရေ (၅)သိန်းကျော် (စောင်ရေ ၅သန်း)ကျော် ကျန်ရှိတယ်” လို့ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Duwun ကို ပြောပါတယ်။
တစ်ထောင်တန်ထီလက်မှတ်တွေ ဈေးကွက်မှာ စတင်ရောင်းချတဲ့အချိန်ကစလို့ ထီဆိုင်တွေရဲ့ရောင်းအားက ယခင်ကထက် ထက်ဝက်ခန့်ကျဆင်းသွားတယ်လို့ ထီအရောင်းကိုယ်စားလှယ်များထံမှ သိရပါတယ်။အခုဆိုရင် ထီအရောင်းကိုယ်စားလှယ် (၁၀)ဦးမှာ (၃) ဦးလောက်က အရှုံးပေါ်ပြီး မရောင်းနိုင်တော့တဲ့ အနေအထားရှိနေတယ်လို့ ဆိုပါတယ်။
“တစ်ထောင်တန်ထီလက်မှတ်တွေစတင်ပေါ်လာပြီး ငါးရာတန်ထီလက်မှတ်တွေ မထုတ်တော့ကတည်းက အစ်မတို့ဆိုင်ရဲ့ရောင်းအားက (၁၀)သိန်းမှာ (၆)သိန်း လောက်ပဲရတော့တယ်။ တစ်ထောင်တန်ဆိုတော့ လူတိုင်းကလည်း မထိုးနိုင်ကြဘူး။ အဲဒီလိုကျတော့ ဆိုင်တွေအနေနဲ့လည်း အရောင်းတအားပါးတယ်။ တချို့ကိုယ်စားလှယ်တွေဆို အရှုံးတွေတောင်ပေါ်တယ်။ ဒီလိုသာ တစ်ထောင်တန်ထီလက်မှတ်တွေနဲ့ ဆက်သွားနေမယ်ဆိုရင် အစ်မတို့အနေနဲ့လည်းဘယ်လိုမှ အဆင်မပြေဘူး” လို့ နေပြည်တော် Online ထီရောင်းဝယ်ရေးမှ မခင်နှင်းဝေက Duwun ကို ပြောပါတယ်။
ကားဖြင့်လှည့်လည်ရောင်းချတဲ့ ထီသည်တွေကလည်း မခင်နှင်းဝေလိုပဲ ထီလက်မှတ်တွေ ရောင်းအားကျဆင်းတဲ့အတွက် အဆင်မပြေကြောင်း ပြောပါတယ်။
ဒီလို လက်ကျန်တွေ ကျန်ရှိတာက ထီလက်မှတ်တွေ ဈေးနှုန်းပြောင်းလဲစအချိန်မှာ ဖြစ်တတ်ကြောင်းနဲ့ အဲဒီလိုဖြစ်ပေါ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းထားပြီဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောပါတယ်။
“ ဧပြီလတုန်းက အက္ခရာ (၃၇)လုံးထုတ်ခဲ့ပြီး ယခုမေလမှာတော့ အက္ခရာ (၄၃) လုံးထိ တိုးပြီးထုတ်လိုက်တယ် ။အခုလို အက္ခရာတိုးထုတ်လိုက်လို့ ကျန်တဲ့ထီကလည်းများသွားတာ၊ အရင်လက အက္ခရာ (၃၇)လုံးထုတ်ခဲ့တုန်းကထီအုပ်ရေ (၂) သိန်းကျော် ကျန်ရှိခဲ့တယ်။ အခုလို ထီအုပ်ရေတွေကျန်ရှိတာ ကျပ်သိန်းတစ်သောင်းခွဲထီဆုကြီးရဲ့ (၅)ကြိမ်မြောက်အထိတော့ အက္ခရာတွေကိုကြိုမှာထားရလို့ ထီအုပ်ရေတွေအကျန်ပေါ်နိုင်တယ်လို့ ခန့််မှန်းထားတယ်။ (၅၀၀)တန်ထုတ်ခဲ့တုန်းကလည်း(၁၀)ကြိမ်မြောက်အထိ လက်ကျန်တွေပေါ်ခဲ့တယ်”လို့ ဒေါ်ဆွေဆွေခိုင်က Duwun ကို ပြောကြားခဲ့တာပါ။
ရောင်းမကုန်တဲ့(၁၁)စောင်တွဲ ထီစာအုပ် (၅)သိန်းကျော် (ထီစောင်ရေ ၅၅ သိန်းကျော်ထဲက) ပေါက်မဲနံပတ်ပါရှိနေပါက ထီထပ်မံဖွင့်လှစ်ပေးသွားမယ်လို့ အောင်ဘာလေကဒီကနေ့ မေလ ၂၉ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
Share