နည်းစနစ်ပိုင်းနဲ့ပတ်သက်ရင် နည်းနည်းမှကို အတိမ်းအစောင်းမခံတဲ့ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်တယောက် လေ့ကျင့်ရေးကွင်းမှာ အမှားလုပ်တဲ့ ကစားသမားတွေကို အော်ဟစ်ဆူပူနေတဲ့ ဗီဒီယိုဖိုင်က ထွက်ပေါ်လာပြန်ပါပြီ။ ဒီတခါ တန်ဟက်ဂျ်ဆူပူတာကို ခံခဲ့ရသူကတော့ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားလေး ဇီဒန်းအစ်ဘယ်ပဲဖြစ်ပါတယ်။
ဩစတြေးလျမှာ လေ့ကျင့်ခန်းဆင်းနေချိန်အတွင်း တန်ဟက်ဂျ်က ကစားသမားတွေကို ဂရုတစိုက်လိုက်ကြည့်နေခဲ့ပြီး ပါးစပ်ကနေလည်း တတွတ်တွတ်နဲ့ ညွှန်ကြားနေခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်နေစဉ်အတွင်း ဇီဒန်းအစ်ဘယ်က ဘောလုံးကို ဆန့်ကျင့်ဘက်ဆီကို ပေးပို့ခဲ့ချိန်မှာ တန်ဟက်ဂျ်တယောက် တော်တော်လေးဒေါပွသွားခဲ့ပုံပါပဲ။
"ဘောလုံးကို မြေကြီးပေါ်မှာပဲ ထိန်းထား၊ ဇီဒန်း.. ဟေး၊ ဘောလုံးကို ကိုင်ထားစမ်း၊ သောက်ရေးမပါတာတွေကို မလုပ်စမ်းနဲ့" ဆိုပြီး တန်ဟက်ဂျ်က အော်ဟစ်ဆူပူခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအတွက် လေ့ကျင့်မှုတွေမှာ အမှားလုပ်တဲ့ ကစားသမားတွေကိုဆိုရင် လုံး၀သည်းမခံတဲ့ တန်ဟက်ဂျ်ဟာ ဒီခရီးစဉ်အတွင်း ဆန်ချိုကိုလည်း ဆူပူခဲ့ပြီးဖြစ်တယ်လို့ Mirror က ဆိုပါတယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတုန်းကလည်း ဂိုးသမားဒီဂီယာကို ကွင်းဘေးကနေ တန်ဟက်ဂျ်တယောက် အော်ဟစ်နေခဲ့ပါသေးတယ်။ "ဒေးဗစ်၊ ဘယ်လိုသောက်ရေးမပါတာတွေကို လုပ်နေတာလဲ" ဆိုပြီး တန်ဟက်ဂျ်က နည်းစနစ်ညွှန်ကြားရေးဧရိယာအတွင်းကနေ အော်ဟစ်နေခဲ့တာပါ။ ယူနိုက်တက်ကစားသမားတွေကတော့ တန်ဟက်ဂျ်လက်အောက်မှာ တော်တော်လေးကို အကြိမ်းအမောင်းခံနေရပြီး နည်းပြစိတ်တိုင်းကျလိုက်ကစားနိုင်ဖို့ကို အသားကုန်ကြိုးစားနေရတာဖြစ်ပါတယ်။