သူမရဲ့ အချစ်ရေးအကြောင်းတွေ ပြောပြလာပါတယ်။

အချစ်သီချင်းလေးတွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်က သူကိုယ်တိုင်ခံယူထားတဲ့ အချစ်ရေးအကြောင်းတွေ ပြောပြလာပါတယ်။ တစ်ကိုယ်တော်အခွေသစ်လည်း ထွက်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

အိုင်ရင်းဇင်မာမြင့်ကတော့ လက်ရှိမှာ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူမရဲ့ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့ ခံယူချက်ကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပြောပြလာပါတယ်။


‘’အိုင်ရင်းက မသေချာ၊ မရေရာတဲ့အလုပ်မျိုး မလုပ်တတ်ဘူး။ အိုင်ရင်းတစ်ယောက်ဆို တစ်ယောက်ပဲ မေတ္တာရှိတယ်၊ သံယောဇဉ်ရှိတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က Shwe FM ဂီတဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။ အိုင်ရင်းဇင်မာမြင့် ရဲ့ အချစ်ရေးအကြောင်းတွေကိုလည်း ပရိသတ်တွေ သိရှိပြီးသားဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ဂီတအလုပ်တွေကိုပဲ အာရုံစူးစိုက် ကြိုးစားနေတာ တွေ့ရပါတယ်။

သူမရဲ့ အချစ်သီချင်းကောင်းကောင်းလေးတွေကို ဆက်လက်နားဆင်ဖို့အတွက် တစ်ကိုယ်တော်အခွေ အသစ်လည်း ထပ်ထွက်ဖို့ကြိုးစားနေတယ်လို့ အိုင်ရင်းဇင်မာမြင့်က ပြောပါတယ်။

‘’ အခုလောလောဆယ် အနုပညာအလုပ်တွေကတော့ ၅ ခွေမြောက် တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်နေပါပြီ။ သီချင်းတွေ ကတော့ စဉ်းစားတုန်းပဲ။ ဘာလို့လဲဆိုတော့ ဆုတွေရလာပြီဆိုတော့ နည်းနည်းကြောက်တယ်။ ပိုကောင်းဖို့ကိုပဲ မျှော်လင့်ရတာဆိုတော့လေ။ မျှော်လင့်ထားတဲ့ အရာလေးတွေ မဖြစ်လာမှာကြောက်တယ်’’ လို့ ဆိုပါတယ်။

Photo: အိုင်ရင်းဇင်မာမြင့်

အခုဆိုရင်လည်း အိုင်ရင်းဇင်မာမြင့်ဟာ ၄ ခွေမြောက်တစ်ကိုယ်တော်အခွေဖြစ်တဲ့  ‘’မာ’’ အယ်ဘမ်လ် ထဲက ‘’ရင်ဘတ်ထဲက လူနှစ်ယောက်’’ဆိုတဲ့ သီချင်းနဲ့ Shwe FM Facebook Page မှာ သီချင်းတောင်းခံရဆုံးအမျိုးသမီး အဆိုရှင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

‘’ အရမ်း အံ့သြမိသွားတယ်။ ဒီသီချင်းနဲ့ သီချင်းတောင်းခံရဆုံးဆိုတော့လေ။ ကိုကို နဲ့ မောင်နဲ့ ဒွိဟဖြစ်ရတဲ့ သီချင်းကိုမှဆိုတော့ ကျေလည်းကျေနပ်ပါတယ်။ ကိုယ်မွေးထုတ်လိုက်တဲ့ သီချင်းလေး အခုလို အောင်မြင်တယ်ဆိုတော့ ဝမ်းသာပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: အိုင်ရင်းဇင်မာမြင့်

အိုင်ရင်းဇင်မာမြင့်ကိုတော့ ပရိသတ်တွေက Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဂီတကို ရူးသွပ်လွန်းသူဖြစ်သလို သူမရဲ့ အသံ စူးစူးလေးကလည်း ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့သူဖြစ်ပါတယ်။ သူမဟာ Shwe FM က ချီးမြှင့်တဲ့ ဆု ၃ ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အိုင်းရင်းဇင်မာမြင့်က ၂၀၁၃ ခုနှစ်မှာတော့ ပထမဦးဆုံး တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ယိမ်းလိုက်’’ ဆိုတဲ့ တေးစီးရီးလေး ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ ခုနှစ်က ‘’ချစ်လို့’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထပ်မံ ထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ တတိယမြောက်အခွေဖြစ်တဲ့ အဆိုတော် ‘’နံရိုးပိုင်ရှင်’’ ဆိုတဲ့ အခွေလေး ထွက်ရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ သူမရဲ့ စတုတ္ထမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’မာ’’ ဆိုတဲ့ တေးစီးရီးလည်း နောက်ဆုံး ထွက်ရှိထားတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က