မင်းခ ကတော့ ဂီတကို အရမ်းရူးသွပ်လွန်းသူ သမီးလေးရဲ့ ဝါသနာကိုအပြည့်အဝ ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။ အခုဆိုရင် ဇနီးဖြစ်သူနဲ့ အိမ်ထောင်ရေးက ၁၁ နှစ်ရှိလာခဲ့ပြီတဲ့။
Photo: Tin Zar Win
သရုပ်ဆောင်မင်းခ ကတော့ အခုဆိုရင် သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ ဇနီးဖြစ်သူ တင်ဇာဝင်း နဲ့ အိမ်ထောင်သက်တမ်းကလည်း အခုဆိုရင် ၁၁ နှစ်ရှိပြီလို့ Duwun Media ကနေ ပြောပြလာပါတယ်။
‘’ ကျွန်တော်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းက ၁၁ နှစ်ရှိပြီ။ ရည်းစားသက်တမ်းက ၈ နှစ်ပေါ့။ စုစုပေါင်းလိုက်ရင် ၁၉ နှစ်ရှိပါပြီ။ နည်းတော့ မနည်းတော့ဘူးပေါ့။ သမီးလေးက အခုဆိုရင် အသက် ၉ နှစ်ပါ။ သူကတော့ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် အဆိုဝါသနာပါတယ်။ You tube ကနေကြည့်ပြီးတော့ နားထောင်တယ်။ သူမရတဲ့သီချင်းက နည်းတယ်။ ကျောင်းပိတ်ရင်တော့ သူ့ကို အဆိုသင်တန်းလေးများပို့မလားလို့ စဉ်းစားထားပါတယ်’’ လို့ သူကဆိုပါတယ်။
Photo: Tin Zar Win
သမီးလေးကို မွေးတဲ့အချိန်မှာလည်း အမှတ်တရတွေရှိတယ်လို့ မင်းခ က ပြောပါတယ်။
‘’ သူ့ကို မွေးတော့ အမှတ်တရ အနေနဲ့ ခွဲမွေးပေးတဲ့ဆရာဝန်မကြီးက လာကြည့်တယ်။ နာမည်တစ်ခုပေးသွားတယ်။ ဖြူဖြူကျော်သိန်းတဲ့။ မွေးလာတော့ သူအော်လိုက်တဲ့ အသံကြီးက အကြီးကြီးပဲတဲ့။ သမီးကလည်း ဆိုလိုက်ရင် အင်္ဂလိပ်သီချင်းဆိုတာများတယ်။ You Tube ထဲမှာရှိတဲ့ သီချင်းတွေ တော်တော်များများ ကတာတွေကိုရော သူအလွတ်ရတယ်။ ကျွန်တော်တို့က သိတောင်မသိဘူး’’ ဆိုပြီးတော့ အောက်တိုဘာလ ၃ ရက်နေ့က အမှျှ..အမျှ…ရုပ်ရှင်ကားကြီးအထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
Photo: Tin Zar Win
ဂီတကိုအရမ်းဝါသနာပါလွန်းသူဖြစ်တဲ့ သမီးလေးရဲ့ ဝါသနာကိုလည်း အစစအရာရာ ပံ့ပိုးပေးသွားဦးမယ်လို့ မင်းခက ဆက်လက်ပြောပြခဲ့ပါတယ်။
‘’ ခေတ်က ကျွန်တော်တို့ခေတ်မဟုတ်တော့ ငါတို့တုန်းက ဒီလိုပဲလုပ်တယ်ဆိုတဲ့ ပုံစံတော့ သွားလုပ်လို့ မရတော့ဘူး။ သူတို့ သွားချင်တဲ့ လမ်းကြောင်းလေးကို ကိုယ်က လမ်းကြောင်းမှန်ပေါ်ရောက်အောင် လိုက်တည့်ပေးမယ်။ ဒီလောက်ပါပဲ။ ဘယ်လမ်းကို လျှောက်လို့ရတယ် ဘယ်လမ်းကတော့ မှားနေတယ်လို့ပဲ ပြောပြလို့ရတာပေါ့။ တစ်ဦးတည်းသော သမီးလေးဖြစ်တာကြောင့်လည်း အရမ်းမျှော်လင့်ထားပါတယ်’’ လို့ သူကဆိုပါတယ်။
Photo: Tin Zar Win
သရုပ်ဆောင်မင်းခကို တော့ ဗီဒီယိုဇာတ်ကားတွေ၊ တီဗီဇာတ်လမ်းတိုတွေ၊ Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုပြီးသွားတဲ့ နောက်မှာတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်လာတာမျိုး မတွေ့ရတော့ပါဘူး။ အခုလက်ရှိမှာလည်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်းရှိသလို ပရိသတ်အရှေ့ကို ရောက်လာမယ့် ရုပ်ရှင်ဇာတ်ကားတွေလည်းရှိတယ်လို့ သိရပါတယ်။