အိမ်တော့ ပြန်ရွေးနိုင်ခဲ့ပြီ။

ပိုပိုဟာ မကြာသေးခင်က မန္တလေးမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်တဲ့အတွက် အကြွေးတွေ တင်သွားတဲ့အကြောင်းပြောလာပါတယ်။ 

အဆိုတော် ပိုပိုကတော့ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မန္တလေးမှာ လုပ်ခဲ့ပြီး အကြွေးတွေ တင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ အကြွေးတွေ ရှိနေပေမယ့် အလှူလုပ်ချင်တဲ့ စိတ်ကလည်း တားလို့ မရဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ Show ပွဲလုပ်တုန်းက အကြွေးတွေ အများကြီးတင်သွားခဲ့တယ်။ အခုက ဖျော်ဖြေရေးတွေလည်း ရပ်သွားတော့ တော်တော်လေး အခက်အခဲ ဖြစ်တယ်။ လောလောဆယ်တော့ ကိုယ့်အဒေါ်တွေ၊ အစ်မတွေရှိတော့ သူတို့က ကိုယ့်ကို ပိုက်ဆံပေးထားတယ်။ ပိုပို့ ရွှေတွေလည်း ရောင်းလိုက်တယ်။ အဲဒီပိုက်ဆံတွေနဲ့ သုံးတယ်။ ဒါတောင်မှ ကိုယ်က လှူချင်သေးတာ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထက် အဆင်မပြေတာတွေရှိတော့ တတ်နိုင်သလောက်လေး ဖဲ့လှူလိုက်တယ်” ဆိုပြီးတော့ ဧပြီလ ၄ ရက်နေ့က သူမရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ပိုပိုဟာ ရင်ဆိုင်နေရတဲ့ အကြွေးတွေထဲကမှ အိမ်ဂရန်ပေါင်ထားတဲ့ အကြွေးကျေသွားလို့ စိတ်ချမ်းသာနေရပြီ လို့လည်း ရင်ဖွင့်ပြောပြလာပါတယ်။ အရင်ကဆို တစ်လကို သိန်း၅၀ အကြွေး ဆပ်နေခဲ့ရတယ်လို့လည်း သူကဆိုပါတယ်။ 

“ အရင်အိမ်ကို ပေါင်ထားပြီးတော့ အိမ်ကို အသစ်ပြန်ဆောက်တာပေါ့နော်။ အခုတော့ အိမ်ဂရန်တွေ ပြန်ရပြီ။ အိမ်အကြွေးကျေသွားပြီ၊ ဘဏ်အကြွေးလည်း ကျေသွားပြီ။ Show လုပ်လို့ အပြင်က ချေးထားတဲ့ အကြွေးတွေပဲ ကျန်တော့တယ်။ အိမ်ဂရန် ကိုယ့်လက်ထဲ ရောက်လာလို့လည်း တော်သေးတယ်။ အရင်တုန်းကဆို တစ်လကို သိန်း ၅၀ လောက် ဆပ်ရတာ။ အလျင်မမီရင် သူများဆီက ပြန်ချေးရတာ။ အခုကတော့ အစ်မတွေဆီက ပိုက်ဆံချေးပြီးတော့ အိမ်ဂရန်ပြန်ရွေးလိုက်တာဆိုတော့ စိတ်တော့ နည်းနည်း အေးသွားတာပေါ့နော်” လို့ ဆိုပါတယ်။ 

Photo: Po Po

အဆိုတော် ပိုပိုဟာ ဧပြီလ ၄ ရက်နေ့တုန်းက ဝါရင့် ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ အမေများအဖွဲ့ကို စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဆိုက်ကားဆရာတွေနဲ့ စည်ပင်ဝန်ထမ်းတွေ အတွက်ကိုလည်း စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ COVID-19 ကူးစက်ရောဂါကြောင့် တစ်နေ့လုပ်မှ တစ်နေ့ စားသောက်ရတဲ့ မိသားစုတွေအတွက် အလုပ်အကိုင် အခက်အခဲတွေ ဖြစ်နေကြတယ်လို့လည်း ပိုပိုက ဆိုပါတယ်။ 

Photo: Po Po

ပိုပိုဟာ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ လက်ရှိမှာ ပရိုဂျူဆာ တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားနေသလို အခြေအနေကောင်းလာရင်လည်း Entertainment အကြီးကြီးတစ်ခု ထောင်ဖို့ ရှိတယ်လို့ သူမက ပြောဖူးပါတယ်။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က