လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ပါတယ်။

တရုတ်နိုင်ငံမှာ လူသေဆုံးမှုတွေဖြစ်နေတဲ့ ဗိုင်းရပ်စ်အသစ်က တစ်ကမ္ဘာလုံးကို အန္တရာယ်ရှိနိုင်မှုအခြေအနေ မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၂၇ ရက်မှာ ပြောကြားပါတယ်။

(Photo: Reuters)

အစောပိုင်းက တရုတ်ဗိုင်းရပ်စ်အန္တရာယ်ဟာ အတန်အသင့်သာဖြစ်ကြောင်း မှားယွင်းထုတ်ပြန်ခဲ့တယ်လို့လည်း WHO က ဝန်ခံခဲ့ပါတယ်။ ဗိုင်းရပ်စ်အသစ်အန္တရာယ်ဟာ တရုတ်မှာ အလွန်မြင့်မားကြောင်း၊ ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးမှာ အန္တရာယ်ရှိနိုင်မှုအခြေအနေ မြင့်မားကြောင်း WHO က တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၆ ရက်) နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်မှု အစီရင်ခံစာမှာ ပြောထားကြောင်း AFP သတင်းက ဖော်ပြပါတယ်။



ထိုအစီရင်ခံစာမှာပါတဲ့ စာမျက်နှာအောက်ခြေ ရှင်းလင်းချက်တစ်ခုမှာတော့ ယခင်ထုတ်ပြန်ထားတဲ့ ဇန်နဝါရီ ၂၃၊ ၂၄၊ ၂၅ ရက် အစီရင်ခံစာတွေက ဗိုင်းရပ်စ်အသစ်က တစ်ကမ္ဘာလုံးကို အန္တရာယ်ရှိနိုင်မှုကို အတန်အသင့် ဖြစ်တယ်လို့ မှားယွင်းဖော်ပြခဲ့ကြောင်း WHO က ပြောထားပါတယ်။

(Photo: Reuters)

ယခုကိစ္စနဲ့ ပတ်သက်ပြီး WHO ပြောခွင့်ရအမျိုးသမီး Fadela Chaib ကို နောက်ထပ် အသေးစိတ်သိရှိရန်အတွက် မေးမြန်းခဲ့ရာ စကားလုံးအသုံးအနှုန်း မှားယွင်းမှုတစ်ခုသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး WHO က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာရန် အစည်းအဝေးပြုလုပ်ခဲ့သေးပေမဲ့ ထိုသို့ကြေညာရန် စောနေသေးကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

WHO အကြီးအကဲ Tedros Adhanom Ghebreyesus က "ဒါက တရုတ်မှာ အရေးပေါ် အခြေအနေပါ၊ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေတော့ မဟုတ်သေးပါဘူး" လို့ ဇန်နဝါရီ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။ ၎င်းက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် နောက်ထပ်‌ဆောင်ရွက်မှုတွေကို ဆွေးနွေးရန် တရုတ်နိုင်ငံကို ယခုသီတင်းပတ်အတွင်း သွားရောက်မှာလည်း ဖြစ်ပါတယ်။

"ဒါက တရုတ်မှာ အရေးပေါ်အခြေအနေပါ၊ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေတော့ မဟုတ်သေးပါဘူး"

(Photo: Reuters)

ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်အသစ်ကြောင့် ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ လူ ၁၀၆ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၄,၅၁၅ ဦးအထိ ရှိလာပါတယ်။ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ယခင်ကထက် သိသာစွာ တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၄,၅၈၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့အထိ ထိုင်းမှာ ၁၄ ဦး၊ ဟောင်ကောင်မှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ စင်ကာပူမှာ ၇ ဦး၊ ဩစတြေးလျမှာ ၅ ဦး၊ ထိုင်ဝမ်မှာ ၅ ဦး၊ အမေရိကန်မှာ ၅ ဦး၊ ဂျပန်မှာ ၄ ဦး၊ မလေးရှားမှာ ၄ ဦး၊ တောင်ကိုရီးယားမှာ ၄ ဦး၊ ပြင်သစ်မှာ ၃ ဦး၊ ကနေဒါမှာ ၂ ဦး၊ ဗီယက်နမ်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဂျာမနီမှာ ၁ ဦး၊ နီပေါမှာ ၁ ဦးနဲ့ သီရိလင်္ကာမှာ ၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။



(Photo: AP)

WHO က ယခုဗိုင်းရပ်စ်ကို Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။

လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ထိုအတောအတွင်း တရုတ်ပညာရှင်တွေက ဗိုင်းရပ်စ်အသစ်အတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် အားထုတ်ဆောင်ရွက်နေကြောင်းနဲ့ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး ပထမဆုံး ကုသပျောက်ကင်းခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: AFP)

ယခုဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း လူ ၈၀၀ နီးပါး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တာကြောင့်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က