လက်ရှိအချိန်အထိ ပြည်လည်သက်သာသွားတဲ့ COVID-19 လူနာအရေအတွက် ၂ သန်းကျော်ရှိပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရမှု ၅ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်တွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတဲ့ Worldometers ဝက်ဘ်ဆိုက်ရဲ့ ယနေ့ (မေ ၂၁ ရက်) စာရင်းတွေအရ သိရှိရပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုဟာ ယမန်နှစ် ဒီဇင်ဘာလကုန်မှာ စတင်ခဲ့ခြင်းဖြစ်ရာ ၅ လမပြည့်မီအတွင်း ကမ္ဘာ့လူဦးရေ ၅ သန်းကို ကူးစက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာလည်း ၃၂၀,၀၀၀ ကျော်ရှိလာခဲ့ကြောင်း သိရပါတယ်။



တစ်ကမ္ဘာလုံးမှာ ပြည်လည်သက်သာသွားတဲ့ COVID-19 လူနာအရေအတွက်ကတော့ ယနေ့ (မေ ၂၁ ရက်) အထိ ၂ သန်းကျော်ရှိပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနက် COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးကို အမေရိကန်မှာ ‌တွေ့ရပါတယ်။ ယနေ့အထိ အမေရိကန်မှာ ကူးစက်ခံရသူ ၁.၅ သန်းကျော်နဲ့ သေဆုံးသူ ၉၄,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

(Photo: Siphiwe Sibeko/Reuters)

လတ်တလော ရက်ပိုင်းအတွင်း ရုရှားနဲ့ ဘရာဇီးမှာလည်း ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ ယနေ့အထိ စာရင်းတွေအရ ရုရှားမှာ COVID-19 ကူးစက်ခံရသူ ၃၀၀,၀၀၀ ကျော်နဲ့ ဘရာဇီးမှာ ၂၉၁,၀၀၀ ကျော်ရှိလာခဲ့ပြီး အမေရိကန်ပြီးလျှင် ဒုတိယနဲ့ တတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံတွေဖြစ်နေပါတယ်။ ထို့နောက် ဥရောပနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီတို့က ကူးစက်မှုအများဆုံး နိုင်ငံတွေအဖြစ် အစဥ်လိုက်ရှိနေကြောင်း သိရပါတယ်။

(Photo: AFP)

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ နေ့စဥ် ကူးစက်ခံရသူ အသစ်တွေ့ရှိမှုနဲ့ သေဆုံးမှုတွေ တိုးလာနေဆဲဖြစ်ပေမဲ့ ယခင်ဖြစ်ပွားခဲ့တဲ့ အဆိုးဆုံးအခြေအနေကို ကျော်လွန်လာခဲ့ပြီဖြစ်ပြီး ထိုနိုင်ငံတွေက lockdown ပိတ်ပင်ကန့်သတ်ချက်တွေကို စတင်ဖြေလျှော့လာကြပါတယ်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဆင်းရဲတဲ့ နိုင်ငံတွေမှာ COVID-19 ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာနေမှုကို စိုးရိမ်ပူပန်ကြောင်း ပြောထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က