၄ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဩဂုတ် ၂၆ ရက် မနက်အစောပိုင်းမှာ ၂၄ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၈ လအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၂၄ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၈၂၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၆.၅ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက် ညဥ့်နက်ပိုင်းမှာ ကူးစက်ခံရသူ ၂၃ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ဩဂုတ် ၂၁ ရက်နေ့မှာ ၇၉၉,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၂၄,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၅.၉ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၁၈၂,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၃.၇ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူဦး ၁၁၆,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ အိန္ဒိယမှာလည်း ကူးစက်ခံရသူ ၃.၂ သန်းကျော်နဲ့ သေဆုံးသူ ၆၀,၀၀၀ နီးပါးရှိလာခဲ့ပါတယ်။

(Photo: Reuters)

COVID-19 ကပ်ရောဂါဟာ ဆက်လက် ကျယ်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပေမဲ့ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်း နေရာဒေသများကလွဲပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း နှေးကွေးသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဩဂုတ် ၂၄ ရက် ညပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အစောပိုင်း ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့တဲ့ တောင်ကိုရီးယားမှာ ဆိုးလ်မြို့တော်ဧရိယာအတွင်း ကူးစက်မှုတွေ ပြန်လည်မြင့်တက်နေပြီး တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားမယ့် အခြေအနေဖြစ်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဆိုးလ်မြို့တော်ဧရိယာအတွင်းရှိ ကျောင်းများအားလုံးကို ပြန်ပိတ်ထားပါတယ်။

(Photo: Reuters)

ဥရောပမှာ ကူးစက်မှုတွေ ပြန်မြင့်တက်နေတဲ့ စပိန်နိုင်ငံက အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေကို ခြေရာခံရှာဖွေရေးမှာ စစ်တပ်အင်အား အသုံးပြုသွားမယ်လို့ ပြောခဲ့ပါတယ်။ ထိုအတောအတွင်း ဟောင်ကောင်မှာ COVID-19 ကနေ ပြန်လည်သက်သာပြီးသူတစ်ဦး နောက်တစ်ကြိမ် ကူးစက်ခံရမှု ပထမဆုံးအကြိမ် တွေ့ရှိရကြောင်း သုတေသီတွေက ကြေညာခဲ့ပါတယ်။ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံမှာလည်း ပြန်လည် ကူးစက်ခံရမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုတွေ သိသာစွာ မြင့်တက်တွေ့ရှိလာခဲ့ရပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက် မနက် ၈ နာရီအချိန် ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာသစ် ၇၀ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၅၇၄ ဦး ရှိလာပါတယ်။

(Image: MoHS webpage screengrab)

ယနေ့ အတည်ပြုလူနာသစ် တွေ့ရှိရမှုဟာ မြန်မာနိုင်ငံမှာ COVID-19 စတင်တွေ့ရှိခဲ့စဥ်မှစပြီး လက်ရှိအချိန်အထိ နေ့အလိုက် အများဆုံး စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာများအနက် ၃၄၁ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၂၅ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၄၇,၈၂၀ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၇,၃၁၁ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က