၃ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (စက်တင်ဘာ ၆ ရက်) မနက်အစောပိုင်းမှာ ၂၇ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၈ လကျော်ရုံအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၂၇ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၈၈၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၉.၁ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာ ကူးစက်ခံရသူ ၂၆ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ စက်တင်ဘာ ၃ ရက်နေ့မှာ ၈၆၇,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၁၆,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ လက်ရှိအချိန်အထိ လူဦးရေ ၆.၄ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၁၉၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၄.၁ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူဦး ၁၂၆,၀၀၀ ကျော်ပြီဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာလည်း ကူးစက်မှုတွေ လျင်မြန်စွာ ဆက်တိုက် မြင့်တက်နေခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၄ သန်းကျော်နဲ့ သေဆုံးသူ ၇၀,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ ယမန်နေ့ (စက်တင်ဘာ ၅ ရက်) ထုတ်ပြန်မှုအရ အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ ၈၆,၄၃၂ ဦး တိုးလာခဲ့ပြီး ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး တစ်ကမ္ဘာလုံးမှာ တစ်ရက်အတွင်း ကူးစက်မှုအများဆုံးအဖြစ် နောက်တစ်ကြိမ် စံချိန်တင်ခဲ့ပါတယ်။

(Photo: Reuters)

အိန္ဒိယဟာ ကမ္ဘာ့နိုင်ငံတွေအနက် ကူးစက်မှု ၄ သန်းကျော်လွန်လာခဲ့တဲ့ တတိယမြောက်နိုင်ငံလည်း ဖြစ်လာပါတယ်။ ကမ္ဘာ့နိုင်ငံများအနက် ကူစက်မှု စတုတ္တအများဆုံးဖြစ်တဲ့ ရုရှားမှာ ကူးစက်ခံရသူ ၁ သန်းကျော်လွန်နေပြီလို့ သိရပါတယ်။ ပီရူး၊ ကိုလံဘီယာ၊ တောင်အာဖရိကနဲ့ မက္ကစီကို နိုင်ငံတွေမှာလည်း ကူးစက်မှုတွေ ၆၂၀,၀၀၀ နဲ့အထက် တွေ့ရှိထားရပါတယ်။

စပိန်၊ အာဂျင်တီးနားနဲ့ ချီလီတို့မှာတော့ ကူးစက်ခံရသူ ၄၀၀,၀၀၀ ကျော်မှ ၅၀၀,၀၀၀ ကျော် အရေအတွက် တွေ့ရှိထားပြီး တစ်ကမ္ဘာလုံးမှာ ကူးစက်မှု ၁၀၀,၀၀၀ မှ ၄၀၀,၀၀၀ နီးပါးကြား အရေအတွက် တွေ့ရှိထားတဲ့နိုင်ငံ ၁၉ နိုင်ငံအထိ ရှိနေပါတယ်။ ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်ခဲ့တဲ့ တောင်ကိုရီးယားမှာတော့ ခွပ်ခွာခွာနေရမယ့် စည်းမျဥ်းစည်းကမ်းကို ပိုမိုတင်းကျပ်ဆောင်ရွက်ခဲ့ပြီး‌နောက် သီတင်းသုံးပတ်အတွင်း နေ့အလိုက် COVID-19 ကူးစက်မှုအသစ် အနည်ဆုံးဖြစ်လာခဲ့ပါတယ်။

(Photo: AFP)

စက်တင်ဘာ ၄ ရက် ထုတ်ပြန်မှုအရ တောင်ကိုရီးယားမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၆၈ ဦး တွေ့ရှိရပြီး ထိုအရေအတွက်ဟာ ကူးစက်မှုဒုတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားနိုင်ငံမှာ သုံးပတ်အတွင်း အနည်းဆုံးဖြစ်လာခဲ့ပါတယ်။ တောင်ကိုရီးယားကဲ့သို့ပင် ကူးစက်မှုတွေ ပြန်လည်မြင့်တက်နေမှုကြောင့် lockdown လုပ်ထားခဲ့ရတဲ့ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ lockodown အစီအမံကို ကန့်ကွက်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ဖမ်းဆီးမှုတွေရှိခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အချက်အလက်တွေအရ ယခုအခါ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှုဟာ နှစ်စဥ် ပြင်းထန်တဲ့ တုပ်ကွေးရောဂါဖြစ်ပွားမှုထက် အနည်းဆုံး ငါးဆပိုများကြောင်း သိရပါတယ်။ COVID-19 ကပ်ရောဂါဟာ ဆက်လက် ကျယ်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပေမဲ့ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်း နေရာဒေသများကလွဲပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း နှေးကွေးသွားခဲ့ကြောင်း WHO က ဩဂုတ် ၂၄ ရက် ညပိုင်းမှာ ပြောကြားခဲ့ပါတယ်။

(Photo: AFP)

COVID-19 ကူးစက်မှုတွေဟာ အရှေ့တောင်အာရှမှာ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ စက်တင်ဘာ ၃ ရက် ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ ၃,၆၂၂ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ ကူးစက်မှု ၁၉၀,၀၀၀ ကျော် တွေ့ရှိထားရတဲ့ အင်ဒိုနီးရှားဟာ စုစုပေါင်း ကူးစက်မှု ၂၃၄,၀၀၀ ကျော်ရှိတဲ့ ဖိလစ်ပိုင်ပြီးလျှင် အရှေ့တောင်အာရှဒေသတွင်း ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ COVID-19 သေဆုံးမှုအများဆုံး နိုင်ငံကတော့ အင်ဒိုနီးရှားဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၇,၉၄၀ ဦးရှိခဲ့ပါတယ်။ ထိုအတောအတွင်း အရှေ့တောင်အာရှရှိ ထိုင်းနိုင်ငံမှာ ရက် ၁၀၀ ကျော်အတွင်း ပထဆုံး ပြည်တွင်းကူးစက်မှု ပြန်တွေ့လာရတယ်လို့ ဆိုပါတယ်။ ဘန်ကောက်မြို့ရှိ အကျဥ်းထောင်မှာ လတ်တလော အကျဥ်းကျခံရတဲ့ အမျိုးသားတစ်ဦးထံမှာ COVID-19 ကူးစက်မှုတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ထိုအမျိုးသားဟာ ပြည်ပခရီးသွားရာဇဝင် မရှိသလို အတည်ပြုလူနာနဲ့လည်း ထိတွေ့မှုမရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း လတ်တလော သီတင်းပတ်အတွင်း ပြည်တွင်းကူးစက်မှုတွေ အပါအဝင် နေ့စဥ် ကူးစက်မှုအသစ်များ သိသာစွာ မြင့်တက်နေခဲ့ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက် မနက် ၈ နာရီခွဲအချိန် ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁,၃၁၉ ဦး တွေ့ရှိထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော သီတင်းပတ်များအတွင်း တွေ့ရှိရတဲ့ အတည်ပြုလူနာတွေအနက် ပြည်တွင်းကူစက်မှု အများအပြား ပါဝင်နေပါတယ်။ မြန်မာမှာ တွေ့ရှိခဲ့ရတဲ့ COVID-19 အတည်ပြုလူနာများအနက် ၃၇၁ ဦး ပြန်လည်သက်သာခဲ့ကာ ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က