ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (ဩဂုတ် ၃၀ ရက်) မနက်ပိုင်းမှာ ၂၅ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
(Image: Worldometers webpage screengrab)
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၈ လအကြာမှာ ကမ္ဘာတစ်ဝန်း လူဦးရေ ၂၅ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၈၄၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၇.၅ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက် မနက်အစောပိုင်းမှာ ကူးစက်ခံရသူ ၂၄ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ဩဂုတ် ၂၆ ရက်နေ့မှာ ၈၂၃,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၂၃,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။
(Photo: Reuters)
အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၆.၁၃ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၁၈၆,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၃.၈၄ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူဦး ၁၂၀,၀၀၀ ကျော်ပြီဖြစ်ပါတယ်။
(Photo: Reuters)
ထိုအတောအတွင်း လက်တင်အမေရိကရှိ နိုင်ငံအချို့မှာ ကူးစက်မှုများ အနည်းငယ် လျော့ကျသွားခဲ့ပေမဲ့ ထိုဒေသဟာ ကူးစက်မှုအဆိုးဆုံး ဖြစ်နေဆဲလို့ ဆိုပါတယ်။ အမေရိကန်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကူးစက်မှုအသစ်များ၊ သေဆုံးမှုများ၊ ဆေးရုံတက်ရမှုများနဲ့ ကူးစက်မှု စစ်ဆေးတွေ့ရှိရမှုနှုန်းများ လျော့ကျနေပေမဲ့ အလယ်ပိုင်းဒေသတွေမှာ ကူးစက်မှုနေရာတွေ တွေ့ရှိလာရပါတယ်။
ယခု သီတင်းပတ်အတွင်း အိုင်အိုဝါနဲ့ မင်နီဆိုးတား ပြည်နယ်တွေမှာ တစ်ရက်အတွင်း ကူးစက်မှုအသစ်များ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ ဥရောပရှိ စပိန်၊ ပြင်သစ်ကဲ့သို့ နိုင်ငံတွေမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ ပြန်လည် မြင့်တက်နေပါတယ်။ COVID-19 ကပ်ရောဂါဟာ ဆက်လက် ကျယ်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပေမဲ့ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်း နေရာဒေသများကလွဲပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း နှေးကွေးသွားခဲ့ကြောင်း WHO က ဩဂုတ် ၂၄ ရက် ညပိုင်းမှာ ပြောကြားခဲ့ပါတယ်။
(Image: MoHS webpage screengrab)
အရှေ့တောင်အာရှမှာ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော သီတင်းပတ်အတွင်း ပြည်တွင်းကူးစက်မှုတွေ သိသာစွာ မြင့်တက်လာပြီး အဓိအားဖြင့် ရခိုင်ပြည်နယ်မှာ အများဆုံး တွေ့ရှိလာခဲ့ရပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက် မနက် ၈ နာရီအချိန် ထုတ်ပြန်မှုအရ ပြည်တွင်းကူးစက်မှု ၉ ဦး အပါအဝင် COVID-19 အတည်ပြုလူနာသစ် ၁၆ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၇၄၉ ဦး ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာများအနက် ၃၅၁ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၃၀ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၅၆,၀၄၂ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၇,၅၁၈ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။