အခုအပတ်အတွင်း မော်လမြိုင်မှာ ဓာတ်ခွဲခန်းဖွင့်လှစ်တော့မှာပါ။

COVID-19 ရောဂါပိုးစစ်ဆေးပေးနိုင်တဲ့ဓာတ်ခွဲခန်းတွေကို ရန်ကုန်နဲ့ မန္တလေးအပြင် နောက်ထပ် မြို့(၃) ခုမှာ ဓာတ်ခွဲခန်း (၃)ခု ထပ်မံတိုးလာတော့မှာဖြစ်ပြီး တစ်နေ့ကို ဓာတ်ခွဲနမူနာပေါင်း ၃၀၀၀ နဲ့ အထက် စစ်ဆေးနိုင်မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

ထပ်တိုးမယ့် ဓာတ်ခွဲခန်း (၃)ခုကတော့ မော်လမြိုင်၊ တောင်ကြီး နဲ့ လားရှိုးမြို့တို့မှာဖြစ်ပြီး မော်လမြိုင်က ဓာတ်ခွဲခန်းကိုတော့ ဇွန်လ ပထမပတ်အတွင်းဖွင့်လှစ်မှာဖြစ်ပါတယ်။ မော်လမြိုင် ဓာတ်ခွဲခန်းပီးရင် တောင်ကြီး၊ လားရှိုးတို့မှာလည်း အဆင့်ဆင့် ဖွင့်လှစ်သွားမယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက Duwun ကိုပြောပါတယ်။



“ အချက်အချာကျတဲ့နေရာတွေမှာ ဓာတ်ခွဲခန်းတွေပေါ်လာပြီပေါ့။ မန္တလေးက ဓာတ်ခွဲခန်းဆို စစချင်း ၂၀၀ ကျော်လောက် စစစ်နိုင်တယ်။ နောက်ပိုင်း ဒီထက်ပိုစစ်နိုင်မှာပါ။ စင်တာတစ်ခုကို ပျှမ်းမျှ ၃၀၀ လောက်စစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့က ၃၀၀၀ ၊ ၃၀၀၀ နဲ့အထက် စစ်ဆေးနိုင်တော့မှာပါ” လို့ ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။

(COVID-19 ရောဂါရှိမရှိ ဓာတ်ခွဲနမူနာများ စစ်ဆေးပေးနေသော ရန်ကုန်မြို့အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို တွေ့ရစဉ်)

ဒီလို ဓာတ်ခွဲနမူနာတွေကို များများစစ်နိုင်ခဲ့ရင် ပိုးတွေ့လူနာတွေများလာနိုင်ခြေရှိပေမယ့် လတ်တလော ဆေးရုံဆေးခန်းတွေမှာ ရောဂါလက္ခဏာပြသူတွေလည်း နည်းပါးလာသလို ပိုးတွေ့နိုင်တဲ့ နိုင်ငံခြားပြန်တွေကိုလည်း ကွာရန်တင်းစင်တာတွေမှာ ရက်အတိအကျနေစေတဲ့အတွက် ရောဂါထိန်းချုပ်လို့ ရနိုင်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ဆက်လက်ပြောပါတယ်။

မန္တလေးက ဓာတ်ခွဲခန်းကတာ့ အထက်မြန်မာပြည်တစ်ခုလုံးအတွက်စစ်ဆေးပေးနေပြီး မော်လမြိုင်က ဓာတ်ခွဲခန်းကတော့ မွန်၊ကရင် ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းက ဓာတ်ခွဲနမူနာတွေကို စစ်ဆေးပေးမှာပါ။ လာရှိုးမြို့ဓာတ်ခွဲခန်းကတော့ မူဆယ်နဲ့ တရုတ်ပြန်နယ်စပ်ကဝင်လာသူတွေကို အဓိကထား စစ်ဆေးမှာဖြစ်ပြီး တောင်ကြီးမြို့ ဓာတ်ခွဲခန်းကတော့ ရှမ်းပြည်နယ်နယ်စပ်ပေါက်က ဝင်လာသူတွေနဲ့ ကယားပြည်နယ်အတွင်းက ဓာတ်ခွဲနမူနာတွေကို စစ်ဆေးမယ်လို့သိရပါတယ်။

ရန်ကုန်မှာရှိတဲ့ ဓာတ်ခွဲခန်းတွေကတော့ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအပြင် အခြားကျန်ရှိတဲ့ဒေသတွေက ဓာတ်ခွဲနမူနာတွေကို စစ်ဆေးပေးနေတယ်လို့လည်း ဆိုပါတယ်။ လက်ရှိတော့ တစ်နိုင်ငံလုံးက ဓာတ်ခွဲနမူနာတွေကို ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)၊ ဆေးသုတေသနဦးစီးဌာန၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) ၊ မန္တလေးက ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန စုစုပေါင်း ၄ ခုမှာ စစ်ဆေးပေးနေပြီး တစ်နေ့ကို နှစ်ထောင်နီးပါးခန့် စစ်ဆေးပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က