ကိုယ်စွမ်းကိုယ်စနဲ့ Millionaire ဖြစ်နေတဲ့ ကလေးငယ်တစ်ယောက် ရှိပါတယ်။
ရိုင်ယန်ဆိုတဲ့ ကလေးငယ်ဟာ အသက် ၆ နှစ်သားကတည်းက မီလျံနာ ဖြစ်လာခဲ့တာပါ။ အခုဆို အသက် ၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ သူဟာ တစ်နှစ်ကို ဒေါ်လာ ၂၆ သန်းအထိ ဝင်ပါတယ်။ YouTube ရဲ့ ဝင်ငွေအကောင်းဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တစ်လကို ဒေါ်လာ ၂ သန်းကျော် ဝင်နေတယ်လို့ ဆိုနိုင်ပါတယ်။
နာမည်အရင်း ရိုင်ယန်ဂူအန်ဟာ Ryan's World ဆိုတဲ့ YouTube channel တစ်ခုကို ၂၀၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့သူပါ။ သူ့မိဘတွေရဲ့ အကူအညီနဲ့ ဒီချန်နယ်ကို တည်ထောင်ခဲ့စဉ်က သူ့အသက်ဟာ ၃ နှစ်ကျော်ပဲ ရှိသေးပါတယ်။ အခုချိန်မှာ Ryan's World မှာ subscribe လုပ်ထားသူ ၂၂.၉ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။
Photo: sg.glbnew
ဒီချန်နယ်ကနေတစ်ဆင့် ရိုင်ယန်ဟာ ကစားစရာအရုပ်လေးတွေကို review လုပ်ပါတယ်။ Ryan's World ပေါ်က ဗွီဒီယိုတွေကို ကြည့်ရှုကြတဲ့ အကြိမ်ရေဟာ အခုချိန်အထိဆို သန်း ၃၅၀၀၀ နီးပါးအထိ ရှိနေပြီလို့ Social Blade ဝက်ဘ်ဆိုက်က အချက်အလက်တွေက ဖော်ပြထားပါတယ်။ မူလက Ryan ToysReview ဆိုပြီး နာမည်ပေးခဲ့ပေမယ့် Truth in Advertising ဆိုတဲ့ ဖောက်သည် အတိုင်ပင်ခံအဖွဲ့အစည်းရဲ့ FTC ကို တိုင်ကြားမှုကြောင့် Ryan's World ဆိုပြီး နာမည်ပြောင်းခဲ့တာပါ။
Forbes မဂ္ဂဇင်းရဲ့ ချမ်းသာမှု အဆင့် သတ်မှတ်ချက်အရ ရိုင်ယန်ဟာ ၂၀၁၈ ဇွန်ကနေ ၂၀၁၉ ဇွန်လအတွင်း ခန့်မှန်းခြေ ဒေါ်လာ ၂၆ သန်း ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ရိုင်ယန်ရဲ့ တစ်နှစ်တာ ဝင်ငွေဟာ ဒေါ်လာ ၂၂ သန်းပါ။ အဲ့ဒီအရင် ၂၀၁၇ ခုနှစ်က သူ့ရဲ့ ဝင်ငွေက ဒေါ်လာ ၁၁ သန်းပါ။ ရိုင်ယန်လေးဟာ YouTuber တွေထဲမှာ ဝင်ငွေအကြမ်းဆုံး ထိပ်ဆုံးနေရာက ရပ်တည်နေတာ ၂ နှစ် ရှိနေပါပြီ။
Photo: businessinsider
၂၀၁၉ အတွက် YouTuber တွေထဲမှာ ဒုတိယဝင်ငွေအများဆုံးကတော့ တက္ကဆက်က သူငယ်ချင်းတစ်ဖွဲ့ ထောင်ထားတဲ့ Dude Perfect ချန်နယ်ဖြစ်ပြီး ဒေါ်လာ သန်း ၂၀ အထိ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ Dude Perfect ကတော့ ၆၅ ကိုက်အကွာလောက်က စင်ပေါ်ကနေ တစ်ချက်တည်းနဲ့ ကျင်းဝင်အောင် ဂေါက်ရိုက်တာမျိုး မဖြစ်နိုင်တဲ့ အဆန်းတကြယ် လုပ်ဆောင်ချက်တွေအကြောင်း ဗွီဒီယိုတွေ ဖန်တီးကြတာပါ။
YouTube ချန်နယ်နဲ့ တစ်နှစ်ကို ဒေါ်လာ သန်းချီဝင်တဲ့ တတိယဝင်ငွေအကြမ်းဆုံး YouTuber ကတော့ ရုရှားက အန်နက်စတေးရှား ရက်ဇင်ဆကာရာဖြစ်ပါတယ်။ အသက် ၅ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဒီကလေးမလေးကတော့ Like Nastya Vlog နဲ့ Funny Stacy စတဲ့ စုစုပေါင်း subscriber သန်း ၇၀ နီးပါး ရှိတဲ့ YouTube ချန်နယ်တွေ တည်ထာင်ထားပြီး ဒေါ်လာ ၁၈ သန်း ဝင်ခဲ့တယ်လို့ ဆိုပါတယ်။