HTC ရဲ့ ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ် အိဗ်စ်မိုင်ထရီဟာ ကိုယ်ရေးကိုယ်တာအကြောင်းကြောင့် ကုမ္ပဏီကနေ နှုတ်ထွက်သွားပြီလို့ ဆိုပါတယ်။
တာဝန်ယူပြီး ၁ နှစ်နီးပါးအကြာမှာ ကုမ္ပဏီကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ HTC အမှုဆောင်အရာရှိချုပ်နေရာကို ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ နာယကဖြစ်သူ ချာဝမ်က တာဝန်ယူသွားဖို့ ရှိပါတယ်။ အိဗ်စ်မိုင်ထရီရဲ့ ရာထူးမှ ထွက်စာတင်ခြင်းဟာ မကျန်းမမာ ဖျားနာလို့လည်း မဟုတ်သလို သုံးလပတ် ၉ ခုဆက် အရှုံးပေါ်နေလို့လည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
Photo: Engadget
"COVID-19 ကပ်ကာလကြောင့် နိုင်ငံတကာခရီးသွားလာမှု ပိတ်ပင်ခြင်းဟာ ပြင်သစ်နိုင်ငံသား အမှုဆောင်အရာရှိချုပ်ပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ဥရောပမှာ ရှိနေတဲ့ သူ့မိသားစုနဲ့ မတွေ့ရတာ ၁၁ လ ရှိပြီ ဖြစ်ပါတယ်။ ဘုတ်အဖွဲ့ကလည်း မိုင်ထရီရဲ့ ထွက်စာကို လက်ခံလိုက်ပါတယ်။"လို့ HTC ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Engadget သတင်းက ဖော်ပြထားပါတယ်။
HTC မှာ မိုင်ထရီ တာဝန်ယူစဉ် အတောအတွင်း ကုမ္ပဏီဟာ Vive Cosmos headset ပိုင်းကို ပိုတိုးချဲ့ဖို့ ကြိုးစားခဲ့သလို ပိုပြီး ကျစ်လျစ်မှုရှိတဲ့ မျိုးဆက်သစ် VR Headset ထုတ်ကုန်တွေလည်း ဖန်တီးခဲ့ပါတယ်။ ဒီနှစ်ထဲမှာ HTC ရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့ mid-range မော်ဒယ် HTC U20 5G ကို မိတ်ဆက်ဖြန့်ချိနိုင်ခဲ့ပါတယ်။
အိဗ်စ်မိုင်ထရီဟာ အရင်က ပြင်သစ်တယ်လီကွန်းကုမ္ပဏီ Orange မှာ အမှုဆောင်ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလထဲမှာ HTC ရဲ့ CEO အဖြစ် ရောက်ရှိလာတာပါ။