တောင်ကိုရီးယားနိုင်ငံမှာ မတ်လအစောပိုင်းမှစပြီး ယနေ့ (ဩဂုတ် ၁၉ ရက်) အထိ နေ့စဥ် COVID-19 ကူးစက်ခံရသူ အသစ်တွေ့ရှိမှု အများဆုံး စံချိန်တင်ခဲ့ပြီး ဆိုးလ်မြို့တော်မှာ ကူးစက်ဖြစ်ပွားမှု ပြင်းထန်နေကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ ကူးစက်မှုတွေ ဖြစ်ပွားလာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
(Photo: AFP)
ယနေ့ ထုတ်ပြန်မှုအရ တောင်ကိုရီးယားမှာ ကူးစက်ခံရသူ နောက်ထပ် ၂၉၇ ဦး တိုးလာခဲ့ပြီး ခြောက်ရက်ဆက်တိုက် ရာဂဏန်းပမာဏ တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။ ကနဦး COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့တဲ့ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၆,၀၅၈ ဦးနဲ့ သေဆုံးသူ ၃၀၆ ဦးရှိလာခဲ့ပါတယ်။ အသစ်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆိုးလ်မြို့နဲ့ ပတ်ဝန်းကျင်နေရာတွေမှာဖြစ်ရာ လူဦးရေ ၂၅ သန်းရှိတဲ့ မြို့တော်ဧရိယာအတွင်း လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားမှာကို စိုးရိမ်မှတွေ မြင့်တက်နေပါတယ်။
(Photo: Reuters)
"ဆိုးလ်မြို့တော်ဧရိယာမှာ ကူးစက်မှုတွေ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ပြင်းထန်စွာ အန္တရာယ်ရှိ အကျပ်အတည်းတစ်ခုထဲမှာ ကျွန်တော်တို့ ရောက်နေပါတယ်၊ နိုင်ငံတစ်ဝန်း အကြီးအကျယ် ကူးစက်ပျံ့နှံ့မှုကို ဦးတည်သွားနိုင်တဲ့ ခြိမ်းခြောက်မှုရှိနေပါတယ်" လို့ တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Kim Gang-lip က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ "အစိုးရအနေနဲ့ အခုလက်ရှိ ကူးစက်ပျံ့နှံ့မှုကို ထိတွေ့မှုရှိသူတွေကို ခြေရာခံရှာဖွေခြင်းနဲ့ သီးခြားခွဲထားခြင်းတို့ လုပ်ဆောင်ရုံမျှနဲ့ မထိန်းချုပ်နိုင်ပါဘူး၊ ကျေးဇူးပြုပြီး အပြင်ထွက်ရမယ့် ကိစ္စမျိုးမရှိခဲ့ရင် အိမ်မှာပဲနေကြပါ" လို့ ၎င်းက ပန်ကြားခဲ့ပါတယ်။
(Photo: AFP)
တောင်ကိုရီးယားမှာ အသစ်တွေ့ရှိရတဲ့ ကူးစက်ခံရသူတွေအနက် အနည်းဆုံး ၁၄၀ ဦးဟာ Sarang Jeil Church နဲ့ ဆက်နွယ်နေပြီး စုစုပေါင်း ထိုသို့ ဆက်နွယ်နေသူ ၆၀၀ ဦးအထိ ရှိလာခဲ့ပါတယ်။ အာဏာပိုင်တွေက သီးခြားခွဲထားသင့်တဲ့ နောက်ထပ် Sarang Jeil Church အဖွဲ့ဝင် ၆၀၀ ကို ရှာဖွေရန်ကြိုးပမ်းနေပြီး အဖွဲ့ဝင် ၄,၀၀၀ လုံးကို COVID-19 စစ်ဆေးလိုကြောင်းလည်း ဒုတိယဝန်ကြီး Kim Gang-lip က ပြောပါတယ်။
Sarang Jeil Church အဖွဲ့ဝင်တွေကို ခြေရာခံရှာဖွေရန် ရဲတပ်ဖွဲ့ဝင် ၈,၅၀၀ ကျော်ကို ဖြန့်ကျက်ထားကြောင်း ၎င်းကဆိုပါတယ်။ COVID-19 ထိန်းချုပ်ရေးအတွက် Sarang Jeil Church အဖွဲ့ဝင်တွေကို ရှာဖွေမှုနဲ့ စစ်ဆေးမှုတို့ကို နှောင့်ယှက်ရန် ကြိုးပမ်းခြင်း၊ အဖွဲ့ဝင်တွေရဲ့စာရင်းမှန် မပေးခြင်းတို့အတွက် ဘုရားကျောင်းအဖွဲ့အစည်းကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ် Chung Sye-kyun က ပြောခဲ့ပါတယ်။