ကွင်းလယ်ဒိုင်လူကြီးရဲ့ လုပ်ဆောင်ချက်အပေါ် တမင်ရွဲ့ကာ လက်ခုပ်တီးအားပေးခဲ့တဲ့ အပြုအမူကြောင့် အခုလို ထပ်တိုး ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တိုက်စစ်မှူး ဇာဟာကို တစ်ပွဲပယ်ပြစ်ဒဏ် အပါအဝင် ငွေဒဏ်အဖြစ်လည်း ပေါင်တစ်သောင်းပေးဆောင်စေဖို့ အက်ဖ်အေက ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း BBC SPORT သတင်းက ပြောပါတယ်။
ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲချိန်အတွင်း ကွင်းလယ်ဒိုင်လူကြီးရဲ့ ပြစ်ဒဏ်သတ်မှတ်ခဲ့မှုအပေါ် မကျေမနပ်ဖြစ်ပြီး ဒိုင်လူကြီးကို တမင်ရွဲ့ကာ အဝါကဒ်ပြစဉ် လက်ခုပ်တီးပြီး ထောက်ခံသလို အပြုအမူ ပြုမူခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့်လည်း ကွင်းလယ်ဒိုင်လူကြီး အန်ဒရေမာရီနာဟာ ချက်ခြင်းဆိုသလို နောက်ထပ် အဝါကဒ် ထပ်ပြကာ နှစ်ဝါတစ်နီနဲ့ ပြိုင်ပွဲက ထုတ်ပယ်ခဲ့ပါတယ်။ အခုအခါ ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက ဇာဟာရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ထပ်တိုး ပြစ်ဒဏ်ချ မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဇာဟာကတော့ ဒီပြစ်ဒဏ်အပေါ် လက်ခံခဲ့ပေမယ့်လည်း ပြစ်ဒဏ်က လက်ရှိမှာ ဇာဟာအပေါ် အကျိုးသက် ရောက်မှု ရှိစေဦးမှာ မဟုတ်ပဲ ဇာဟာအနေနဲ့ အယူခံဝင်ခွင့်ရှိနေပါတယ်။