မန်စီးတီး ၆-၀ ချယ်လ်ဆီးပွဲစဉ်မှာ ကွင်းလယ်ဒိုင် မိုက်ဒင်းဟာ ပွဲကို သူ အလိုရှိသလိုမျိုး ဝီစီမှုတ်ကာ စေခိုင်းနိုင်ခဲ့ပေမယ့် မန်စီးတီးတိုက်စစ်မှူး အဂူရိုရဲ့ သွင်းဂိုးတွေကိုတော့ သူလည်း မတားဆီးနိုင်ပဲ ရပ်တန့်ကြည့်နေခဲ့ရပါတယ်။ အဂူရိုက တစ်ပတ်အတွင်းမှာပဲ သူ့ရဲ့ ချက်ရှိုင်းယားမှာရှိတဲ့ အိမ်ကို ဘောလုံး (၂)လုံး သယ်ဆောင်သွားနိုင်ခဲ့ပြီးတော့ မန်စီးတီးသမိုင်းမှာ အာဂျင်တိုင်းတိုက်စစ်မှူးတစ်ဦးရဲ့ မှတ်တမ်းကောင်းကို ရေးထိုးပြသွားခဲ့ပါတယ်။
ပထမအာဆင်နယ်၊ အခု ချယ်လ်ဆီးတို့ကို အဂူရိုက (၃)ဂိုးစီ သွင်းပြခဲ့ပြီး လန်ဒန်ထိပ်သီးနှစ်သင်းကို ဂိုးသွင်းပြခဲ့ပြီး ပျော်မွေ့နေခဲ့ပါတယ်။ အခုဆိုရင် အဂူရိုက အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ်မှာ ဟက်ထရစ်အများဆုံး သွင်းယူထားနိုင်ခဲ့တဲ့ စံချိန်ကိုလည်း လိုက်မီသွားခဲ့ပြီ ဖြစ်ပါတယ်။ လန်ဒန်ကလပ်နှစ်သင်းနဲ့ အတွေ့မှာ အဂူရိုက စွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်လို့ ပိုပြီးတော့ ကျေနပ်စရာလည်း ကောင်းနေခဲ့ပါတယ်။
ပွဲအပြီးမှာ မိုက်ဒင်းက အဂူရို ယူဆောင်သွားမယ့် ဘောလုံးကို သူ့ရဲ့ အကျီနောက်ထဲထည့်ပြီးတော့ မပေးဘူးလို့ နောက်ပြောင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လုပ်တိုင်းဖြစ်၊ တတိုင်းရနေတဲ့ အဂူရိုရဲ့ ဆန္ဒကို မိုက်ဒင်းလည်း မလွန်ဆန်နိုင်ခဲ့ပါဘူး။ အဂူရိုက ဒုတိယမြောက် ဘောလုံးကို သူ့အိမ်မှာ အမှတ်တရထားရှိဖို့ ယူဆောင်သွားနိုင်ခဲ့ပါတယ်။
မန်စီးတီးကို ပြောင်းရွှေ့လာပြီးနောက် အဂူရိုက အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး (၁၆၀)အထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက စံချိန်တင်ထားခဲ့တဲ အဲရစ်ဘရော့ နဲ့ တွမ်မီဂျွန်ဆင်တို့ရဲ့ (၁၅၈)ဂိုးစံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပါပြီ။ အဂူရိုက ချယ်လ်ဆီးနည်းပြ ဆာရီအတွက်တော့ နတ်ဆိုးတစ်ပါးလို ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ နာပိုလီအိမ်ကွင်းမှာ မန်စီးတီးတို့ အနိုင်ရတုန်းကလည်း အဂူရိုက အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ကွန်မြူနတီဒိုင်းပွဲမှာတုန်းကလည်း အဂူရိုက ဆာရီကို သူ့ရဲ့ သွင်းဂိုးနဲ့ နှိပ်စက်ခဲ့ဖူးပါသေးတယ်။
အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ်မှာ ဟက်ထရစ် (၁၁)ကြိမ်နဲ့ အများဆုံးစံချိန်တင်ထားခဲ့မှုကို အဂူရိုက လိုက်မီသွားခဲ့ပြီး လက်ရှိကစားနေဆဲ ကစားသမားတွေထဲမှာ အဂူရိုက ဟက်ထရစ်အကြိမ်ရေ အများဆုံးနဲ့ ရပ်တည်နေပြိး အနီးစပ်ဆုံးပြိုင်ဘက်အဖြစ် ဟယ်ရီကိန်းက (၈)ကြိမ်နဲ့ ရပ်တည်နေခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် အဂူရိုရဲ့ မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် အခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်။
၂၅၇ - အင်ဒီပန်ဒီးယန့်၊ အက်သလက်တီကို နဲ့ မန်စီးတီးတို့အတွက် အဂူရို သွင်းယူခဲ့တဲ့ အမှတ်ပေးသွင်းဂိုး အရေအတွက်ပါ။
၁၆၀ - မန်စီးတီးအတွက် အဂူရို သွင်းယူထားတဲ့ ပရီးမီးယားလိဂ်သွင်းဂိုးတွေပါ။
၁၁ - ပရီးမီးယားလိဂ်မှာ ရရှိထားခဲ့တဲ့ ဟက်ထရစ် အကြိမ်အရေအတွက် ဖြစ်ပါတယ်။
၁၅ - ချယ်လ်ဆီးနဲ့ပွဲမှာ ဟက်ထရစ်ရရှိခဲ့ပြီးနောက် မန်စီးတီးအတွက် ပြိုင်ပွဲစုံ ဟက်ထရစ်သွင်းယူနိုင်တဲ့ အရေအတွက်ဖြစ်ပါတယ်။
၄၃ - ၂၀၁၁ ကတည်းက စတင်ပြီး ပရီးမီးယားလိဂ်ထိပ်တန်းအသင်း (၆)သင်းနဲ့ ကစားခဲ့ရာမှာ အဂူရို သွင်းယူခဲ့တဲ့ ဂိုးတွေ ဖြစ်ပါတယ်။ အဂူရိုက အများဆုံးဖြစ်ပြီး ဟယ်ရီကိန်းက (၂၁)၊ ရွန်နီက (၂၀)နဲ့အစဉ်လိုက် ရပ်တည်နေပါတယ်။
၄ - တစ်ရာသီအတွင်း သွင်းဂိုး (၃၀)အထိ သွင်းယူနိုင်ခဲ့တဲ့ အဂူရိုရဲ့ ဘောလုံးရာသီအရေအတွက်ပါ။
၃ - မန်စီးတီးအတွက် လေးဂိုးနဲ့ အထက်သွင်းယူနိုင်ခဲ့တဲ့ ပွဲအရေအတွက်ဖြစ်ပါတယ်။ ပြိးခဲ့တဲ့ ဖေဖော်ဝါရီလက ကစားခဲ့တဲ့ လက်စတာနဲ့ပွဲ၊ ၂၀၁၄ အောက်တိုဘာလက ကစားခဲ့တဲ့ တော့တင်ဟမ်နဲ့ပွဲ၊ ပြီးခဲ့တဲ့နှစ်က ကစားခဲ့တဲ့ မန်စီးတီး ၆-၁ နယူးကာဆယ်တို့နဲ့ ပွဲတွေမှာ အဂူရိုက လေးဂိုးနဲ့ အထက်သွင်းယူနိုင်ခဲ့ပါတယ်။
၆ - မန်စီးတီးနဲ့အတူ ရရှိခဲ့တဲ့ အဓိကဆုဖလားတွေဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလား (၃)လုံး၊ လိဂ်ဖလား (၃)လုံးဖြစ်ပြီး အက်သလက်တီကိုနဲ့တော့ ၂၀၁၀ ယူရိုပါလိဂ်ကို ရရှိခဲ့ပြီး အာဂျင်တီးနားနဲ့အတူ ၂၀၀၈ အိုလံပစ်ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။