ဆန်းသစ်လ ကတော့ ဂီတကို ဝါသနာပါလွန်းတဲ့ မောင်လေးဖြစ်သူ နေညီလ နဲ့ ပရိသတ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ အစ်မကြီးတစ်ယောက်အနေနဲ့ မောင်လေးကို ဂီတအလုပ်တွေအပေါ် တန်ဖိုးထားတတ်အောင် သင်ကြားပေးနေတယ်လို့ဆိုပါတယ်။
Photo: Nay Nyi La
အဆိုတော် မေရွက်ဝါရဲ့ သမီးတစ်ယောက်အဖြစ်နဲ့ရော၊ အဆိုတော်တစ်ယောက်၊ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်အခိုင်အမာ ရရှိထားသူကတော့ ဆန်းသစ်လ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ တစ်ဦးတည်းသော မောင်လေးဖြစ်တဲ့ နေညီလ ကလည်း ဂီတအလုပ်တွေ လုပ်နေပြီလို့ Duwun Media ကနေ ပြောပြလာပါတယ်။
‘’ ညီမကတော့ ကိုယ်ဝါသနာပါတဲ့အလုပ်အတွက်အောက်ခြေကနေစပြီး ကြိုးစားတာမျိုးကို ပိုသဘောကျတယ်။ မောင်လေးကိုလည်း သူဝါသနာပါတဲ့ဟာကို ကိုယ့်ဘာသာကိုယ်ပဲ လေ့လာခိုင်းတယ်၊ သင်ယူခိုင်းတယ်။ နောက်ဆုံး သီချင်းလုပ်တာကအစ လိုက်မရှုပ်ဘူး။ သူ့ ခံစားချက်နဲ့သူဖန်တီးတယ် ပြီးတော့မှ လိုအပ်တာလေးတွေ ပြောပြတယ်ပေါ့။ သူ့လမ်းကြောင်းပေါ်ကို သူ့ဘာသာသူ တက်သွားတာမျိုးကို ညီမ လိုချင်တာပါ’’ လို့ သူကဆိုပါတယ်။
Photo: Nay Nyi la
နေညီလ ရဲ့ ဂီတအပေါ် ရူးသွပ်မှုတွေ အကြောင်းကိုလည်း ဆန်းသစ်လ က ဆက်လက်ပြောပြခဲ့ပါသေးတယ်။ မိခင်ဖြစ်တဲ့ အဆိုတော် မေရွက်ဝါကလည်း သားဖြစ်သူရဲ့ ဂီတဝါသနာကို တစ်ဖက်တလမ်းက ကူညီပေးနေတယ်လို့ ဆိုပါတယ်။
‘’မောင်လေးက ဂီတနဲ့ ပတ်သက်ပြီး ပါရမီပါတယ်လို့ ပြောလို့ရမလားတော့ မသိဘူး သူငယ်ငယ်လေးကတည်းက သီချင်းလေးတွေ ရေးတတ်တယ်။ စာသားလေးတွေဆိုရင်လည်း လူကြီး စကားလုံးလေးတွေ ထွက်လာတယ်။ ဒီအချိန်ထိ သူရေးထားတဲ့ သီချင်းတွေဆိုရင် အပုဒ်ပေါင်း ရာဂဏန်းလောက်ရှိမယ်။ သီချင်းလည်း ရေးတတ်တယ်၊ တီးလည်း တီးနိုင်တယ် ဆိုတော့ သူက အဆင်ပြေမှာပါ။ အမေကလည်း သူ့သားအတွက် လိုက်ကူညီပေးနေတာပါပဲ’’ လို့ ဆိုပါတယ်။
photo: HSU
အဲဒီနောက် ဆန်းသစ်လ က သူမရဲ့ ဆန္ဒအရ မောင်လေးဖြစ်သူရဲ့ ဂီတအလုပ်တွေကို တန်ဖိုးထားတတ်အောင်လို့ လွယ်လွယ်နဲ့ အောင်မြင်စေမယ့် နည်းလမ်းမျိုးတွေ မလုပ်စေချင်ဘူးလို့ဆိုပါတယ်။
Photo: Nay Nyi La
ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ မောင်လေးဖြစ်သူ နေညီလ ကလည်း ဂီတလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပြီလို့ သိရပါတယ်။
Share