သချာၤမေးခွန်းကတော့ အခက်ဆုံးဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဇီဝဗေဒဖြေဆိုသူ ၁ သိန်း ၉ သောင်း ကျော်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ယနေ့ ဇီဝဗေဒ ဖြေဆိုအပြီးမြင်ကွင်း။

ဒီနေ့ မတ်လ ၁၃ ရက်မှာ သိပ္ပံဘာသာတွဲရဲ့ နောက်ဆုံးဘာသာဖြစ်တဲ့ ဇီဝဗေဒနဲ့ ဘောဂဗေဒ ဖြေဆိုခဲ့ကြပြီးတော့ ခြောက်ဘာသာ ဖြေဆိုပြီးတဲ့အနက် သချာၤဘာသာက ဉာဏ်စမ်းမေးခွန်းတွေ ပါဝင်နေတဲ့အတွက် အခက်ခဲဆုံး ဖြေဆိုခဲ့ရတယ်လို့ ကျောင်းသားအများစုက ပြောပါတယ်။

“ ဒီနေ့ ဘိုင်အိုကတော့ တော်တော်လေးဖြေနိုင်ပါတယ်။ သချာၤကတော့ စဉ်းစားတွေးခေါ်ရမယ့် အပိုင်းတွေကို မေးထားတယ်။ ဖတ်စာအုပ်ထဲမှာမပါတဲ့ ဉာဏ်စမ်းတွေမေးထားတာဆိုတော့ သချာၤကတော့ ခက်တယ်။ ကျန်တာတွေက မဆိုးပါဘူး” လို့ စာမေးပွဲ ဖြေဆိုသူ မရွှန်းလဲ့လဲ့လင်းက ပြောပါတယ်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အလွတ်ကျက်စနစ်အစား စဉ်းစားတွေးခေါ်ရမယ့်နည်းစနစ်ကို ထည့်သွင်းမေးမြန်းမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာထားခဲ့ပြီးနောက် ဘာသာရပ်တိုင်းရဲ့ မေးခွန်းအချို့မှာ စဉ်းစားတွေးခေါ်မှု ပုံစံ အနည်းငယ်ကို ထည့်သွင်းထားတာတွေ့ရတယ်လို့ ဖြေဆိုသူ ကျောင်းသားကျောင်းသူအချို့က ပြောပါတယ်။

" အရမ်းကြီးခက်ခဲတာမျိုးမရှိခဲ့ပါဘူး။ ဒါပေမယ့် သာသာစုံမေးခွန်းတိုင်းက စဉ်းစားတွေးခေါ်မှုတွေပါ ပါတယ်။ ဒီလိုစဉ်းစားတွေးခေါ်မှု အပိုင်းတွေ ပါလာတာ ကျွန်တော့် အမြင်ရ ပြောရရင် ပိုကောင်းပါတယ်။ တက္ကသိုလ်တက်တဲ့အခါ ပိုပြီးစာတွေ လိုက်နိုင်မယ်လို့ ထင်ပါတယ်။ သချာၤမေးခွန်းကတော့ ထောင့်စေ့အောင်လေ့လာထားမယ်ဆိုရင် ဖြေနိုင်မယ်လို့ ထင်ပါတယ်။ “ လို့ ဒဿမတန်း ကျောင်းသား မောင်အောင်ကျော်မြင့်က ပြောပါတယ်။

“ နောက်နှစ်ကလေးတွေကို အကြံပြုချင်တာက စဉ်းစားတွေးခေါ်မှု အပိုင်းကို များများလုပ်ကြပါ။ ဖတ်စာအုပ်ထဲက စာတွေကို အလွတ်ကျက်ရုံနဲ့ တော့မရနိုင်ပါဘူး” လို့ ဖြေဆိုသူ ကျောင်းသားတစ်ဦးက ဆိုပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ်လ ၆ ရက်က စတင်ကျင်းပခဲ့ပြီး မတ်လ ၁၃ ရက်မှာ သိပ္ပံဘာသာတွဲ ဖြေဆိုမှု ပြီးစီးခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိပ္ပံဘာသာတွဲဖြေဆိုသူ ၁၉၆၀၂ ဦးရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က