နေအဖွဲ့အစည်းအပြင်ဘက်ရှိ နေထိုင်နိုင်ဖွယ်ရှိတဲ့ ဂြိုဟ်တစ်ခုပေါ်မှာ ပထမဆုံးကြိမ် ရေတွေ့ရှိရကြောင်း နက္ခတ္တဗေဒဆိုင်ရာ သိပ္ပံပညာရှင်တွေက စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ဖော်ပြောကြားပါတယ်။
(သက်ရှိများနေထိုင်နိုင်တဲ့ နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်တစ်ခုကို ပုံဖော်ထားမှု) (Photo: scimex)
ကမ္ဘာဂြိုဟ်ထက် ထုထည်အားဖြင့် ရှစ်ဆပိုကြီးပြီး အရွယ်အစား နှစ်ဆပိုကြီးတဲ့ K2-18b ဂြိုဟ်ရဲ့ လေထုထဲမှာ ရေခိုးရေငွေ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကနေ အလင်းနှစ် ၁၁၀ အကွာအဝေးရှိ အဆိုပါဂြိုဟ်မှာ သက်ရှိများနေထိုင်နိုင်တဲ့ လေထုနဲ့ အပူချိန်လည်းရှိနေကြောင်း University College London မှ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
K2-18b ဂြိုဟ်ဟာ ၎င်းရဲ့ နေနဲ့ဆင်တူတဲ့ကြယ်ကို လှည့်ပတ်ရာမှာတော့ ကမ္ဘာက နေကိုလှည့်ပတ်နေတဲ့ အကွာအဝေးထက် ပိုမိုနီးကပ်တဲ့နေရာကနေ လှည့်ပတ်နေကြောင်း သိရပါတယ်။ ထိုအခြေအနေအရ အဆိုပါဂြိုဟ်မှာ နှစ်တစ်နှစ်ဟာ ကမ္ဘာမှာထက် ပိုမိုတိုတောင်းနေပါတယ်။
(ရေတွေ့ရှိတဲ့ K2-18b ဂြိုဟ်အကြောင်း) (Infographic: Daily Mail)
ကမ္ဘာက နေကိုလှည့်ပတ်ရာမှာ တစ်ပတ်ပြည့်ရန် ရက်ပေါင်း ၃၆၅ ရက် (တစ်နှစ်) ကြာမြင့်ပေမဲ့ K2-18b ဂြိုဟ်ကတော့ ၎င်းရဲ့နေနဲ့ဆင်တူတဲ့ကြယ်ကို လှည့်ပတ်ရာမှာ ၃၃ ရက်အတွင်း တစ်ပတ်ပြည့်တယ်လို့ ဆိုပါတယ်။ ကမ္ဘာမှာ သတ်မှတ်ထားတဲ့ အချိန်ကာလအရဆိုပါက K2-18b ဂြိုဟ်ပေါ်မှာ တစ်နှစ်ဟာ ၃၃ ရက်သာ (ကမ္ဘာမှာ တစ်လကျော်ကာလနဲ့ညီမျှ) ရှိတဲ့သဘောလည်း ဖြစ်ပါတယ်။ အဆိုပါဂြိုဟ်ကို ၂၀၁၅ ခုနှစ်အတွင်း အမေရိကန် အာကာသအေဂျင်စီ NASA ရဲ့ Kepler အာကာသကြည့်မှန်ပြောင်းဖြင့် ပထမဆုံး တွေ့ရှိခဲ့ပါတယ်။
(နက္ခတ္တဗေဒ သိပ္ပံပညာရှင်အမျိုးသမီး ဂျီယိုဗန်နာ တင်နက်တီ) (Photo: ralspace.stfc.ac.uk)
"ဒီဂြိုဟ်က ကျွန်မတို့ရဲ့ နေအဖွဲ့အစည်းအပြင်ဘက်မှာရှိတဲ့ သက်ရှိတွေအတွက် အသင့်တော်ဆုံးနေရာပါ၊ ဒီဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်မှာ ပင်လယ်သမဒ္ဒရာတွေရှိတယ်လို့ ကျွန်မတို့ မယူဆနိုင်ပါဘူး၊ ဒါပေမဲ့ ဒါက တစ်ကယ့်ဖြစ်နိုင်ခြေတစ်ခုပါပဲ" လို့ University College London မှ နက္ခတ္တဗေဒ သိပ္ပံပညာရှင်အမျိုးသမီး ဂျီယိုဗန်နာ တင်နက်တီက AFP သတင်းဌာနကို ပြောပါတယ်။
(James Webb အာကာသကြည့်မှန်ပြောင်း အစိတ်အပိုင်းများ) (Photo: NASA)
K2-18b ကဲ့သို့ နေအဖွဲ့အစည်းအပြင်ဘက်ရှိ ဂြိုဟ်တွေအကြောင်းကို ပိုမိုလေ့လာနိုင်ရန် James Webb Space Telescope အာကာသကြည့်မှန်ပြောင်းကိုလည်း လာမယ့် ၂၀၂၁ ခုနှစ်အတွင်း လွှတ်တင်ရန်စီစဉ်ထားပါတယ်။ James Webb အာကာသကြည့်မှန်ပြောင်းကို အမေရိကန် အာကာသအေဂျင်စီ (NASA)၊ ဥရောပ အာကာသအေဂျင်စီ (ESA)၊ ကနေဒါ အာကာသအေဂျင်စီ (CSA) နဲ့ Space Telescope Science Institute (STScI) တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။