ဖက်ရှင်လို့ဆိုလိုက်ရင် အပေါ်နဲ့အောက် လိုက်ဖက်အောင်တွဲစပ်ဆင်မြန်းတတ်ရုံနဲ့ ပြီးပြည်စုံတဲ့ဖက်ရှင်တော့ ဖြစ်မသွားပါဘူး။ ကိုယ့်ဖက်ရှင်ကို ပိုမိုပြည့်စုံအောင် ပံ့ပိုးပေးနိုင်တဲ့ အဆင်တန်ဆာတွေ ဆင်မြန်းတတ်မှု ကလည်း ဘယ်လောက်အရေးပါတယ်ဆိုတာ ဖက်ရှင်ချစ်သူမဒီလေးတွေ သိထားပြီးသားဖြစ်ပါလိမ့်မယ်။
ဒီတော့ အပေါ်အကျီနဲ့ အောက်ကစကတ်၊ ဒါမှမဟုတ် dress စသဖြင့် ကိုယ်ဘာဝတ်မယ်ရွေးပြီးသွားပြီဆိုတာနဲ့ ဘယ်လိုဖိနပ်လေးစီးပြီး ဘယ်လိုအိတ်လေး ကိုင်မယ်၊ ဘယ်လိုလက်ဝတ်လက်စား ဆင်မြန်းမယ် စတာတွေကိုလည်း မဖြစ်မနေ ဆက်ပြီးစဉ်းစားရပါလိမ့်မယ်။ ဒီတော့ ခုလက်ရှိဘယ်လိုအဆင်တန်ဆာတွေ ခေတ်စားနေတယ်၊ ခေတ်စားသွားဦးမယ်ဆိုတဲ့ ဗဟုသုတလေးရှိထားမယ်ဆိုရင် ပွဲတက်အတွက်ပဲဖြစ်ဖြစ်၊ ဖျော်ဖြေပွဲသွားတာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ Night Out သွားတာမျိုး၊ ထသွားထလာသွားတဲ့အခါမျိုးမှာ သူများတွေနဲ့မတူ တမူထူးခြားတဲ့ ဖက်ရှင်အမိုက်စားနဲ့ မဒီလေး ဖြစ်နေမှာပေါ့။
ဒီတော့ ၂၀၁၉မှာ ခေတ်စားနေဆဲ အဆင်တန်ဆာအကြောင်းတွေနဲ့ ခေတ်စားဖို့ရှိတဲ့ အဆင်တန်ဆာတွေအကြောင်း ပြောပြပေးလိုက်တယ်နော်။
(၁) ပုလဲနဲ့ပတ်သက်တဲ့ ဆွဲကြိုး၊ နားကပ်၊ ကလစ်များ
၂၀၁၉ခုနှစ်က ပုလဲနှစ်လို့တောင် ပြောရလောက်အောင် ပုလဲနဲ့ပတ်သက်တဲ့ အဆင်တန်ဆာတွေဟာ ဈေးကွက်ထဲတော်တော်လေး နေရာယူလာကြတဲ့အပြင် ပြည်တွင်းပြည်ပက အနုပညာရှင်တော်တော် များများကလည်း ပုလဲနဲ့ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ ဆွဲကြိုး၊ နားကပ်၊ အလှကလစ်လေးတွေကို ထသွားထလလာကနေ ပွဲတက်အထိကို ဆင်မြန်းလာကြတာပါ။ ဒီထဲကမှ မဒီတွေ ပိုသတိထားမိမယ့် အဆင်တန်ဆာကတော့ ပုလဲကလစ်လေးတွေပါ။ ခုဆို အွန်လိုင်းရှော့တွေမှာလည်း ရောင်းမလောက်၊ အဆင်တန်ဆာဆိုင်တွေမှာလည်း ရောင်းမလောက်အောင်ကို ဝယ်လိုအားမြင့်တက်နေပါတယ်။ အခြားပုလဲနဲ့ပတ်သက်တဲ့ အဆင်တန်ဆာတွေကတော့ ပုလဲကလစ်လေးတွေကို လိုက်မမီသေးပါဘူး။
(၂) Bucket ဦးထုပ်များ
၉၀ပြည့်နှစ်တွေက ခေတ်စားခဲ့တဲ့ bucket ဦးထုပ်တွေဟာ ခုချိန်မှာတစ်ကျော့ပြန်ခေတ်စားလာခဲ့ပါပြီ။ အထာလည်းကျချင်တယ်၊ ခေတ်စားနေတဲ့ ဦးထုပ်တစ်လုံးလောက်လည်း လိုချင်တယ်ဆိုရင်တော့ ဒီဦးထုပ်ကို ရွေးချယ်ဖို့ တိုက်တွန်းရမှာပါပဲ။ တစ်ခုရှိတာကတော့ သူက အဝတ်အစားနည်းနည်းရွေးပါတယ်။ သူ့ကို Overall လို ဟာမျိုးတွေ၊ နောက် wide pant လို ဘောင်းဘီအောက်အကားတွေ၊ ဘလေဇာ စတာတွေနဲ့ တွဲဝတ်မယ်ဆိုရင်တော့ တော်တော့်ကို မိုက်ပါတယ်။
(၃) ခြင်းတောင်းစတိုင်လ်လက်ကိုင်အိတ်များ
လက်ရှိခေတ်စားနေဆဲဖြစ်သလို ၂၀၁၉တစ်နှစ်လုံး ခေတ်စားသွားမယ့် လက်ကိုင်အိတ်ဒီဇိုင်းကတော့ ခြင်းတောင်းပုံစံလက်ကိုင်အိတ် ဒီဇိုင်းတွေပါပဲ။ ကြိမ်နဲ့ယက်ထားတဲ့ အိတ်တွေ ၂၀၁၈ တစ်နှစ်လုံး အရမ်းကို ခေတ်စားခဲ့တာ သတိပြုမိမှာပါ။ ခုတော့အဲ့လိုကြိမ်နဲ့ပဲ ယက်ထားတဲ့ အိတ်ကိုမှ ခြင်းတောင်းပုံစံလေးတွေ ခေတ်စားလာလိမ့်မယ်လို့ သိရပါတယ်။
(၄) ခရမ်းရောင်ပါတဲ့ ဖိနပ်ဒီဇိုင်းများ
မဒီတို့ရဲ့ ဖိနပ်တွေထဲမှာ ခရမ်းရောင်ဖိနပ်ဘာဖိနပ်ရှိရှိ ထုတ်စီးဖို့အချိန်ပါပဲ။ ဘာလို့လဲဆိုတော့ ခုလက်ရှိခေတ်စားနေတဲ့ ဖိနပ်အရောင်က ခရမ်းရောင်ပါတဲ့။ ဒီတော့ sneaker ပဲဖြစ်ဖြစ်၊ ဒေါက်မြင့်ဖိနပ်လေးပဲဖြစ်ဖြစ်၊ boot ဖိနပ်တွေပဲဖြစ်ဖြစ် ခရမ်းရောင်ဖြစ်နေရင်ကို အိုခေနေပါပြီနော်။
(၅) သေးသေးနဲ့ ဆန်းပြားတဲ့ မျက်မှန်ဒီဇိုင်းများ
အသဲပုံမျက်မှန်ကိုင်းတွေ၊ လေးထောင့်၊ အဝိုင်း၊ တြိဂံ စတဲ့မျက်မှန်ကိုင်းတွေထက် ဒီအရာတွေကို ရောပြီး ဖန်တီးထားတဲ့ မှန်နေရာသိပ်မကြီးပဲ ကိုင်းသေးသေး မျက်မှန်ဒီဇိုင်းတွေက ၂၀၁၉မှာ နေရာယူလာပါလိမ့်မယ်။ ဖက်ရှင်ကျကျဆင်မြန်းသွားရမယ့်နေရာမျိုး၊ ပွဲတက်၊ ပါတီတွေဘာတွေအတွက်ဆိုရင်တော့ ဒီလိုမျက်မှန်တစ်လက်က မပါမဖြစ်ဆောင်သွားရမှာပါ။
ဒီအချက် (၅) ချက်က မဒီတို့ရဲ့ဖက်ရှင်အတွက် အထောက်အပံ့ပေးနိုင်မယ့် အဆင်တန်ဆာပိုင်းဗဟုသုတကို အများကြီးအထောက်အကူပြုပါလိမ့်မယ်။ ဒါပေမယ့် ခေတ်စားတယ်ဆိုတိုင်း ဝတ်ကိုဝတ်ရမယ် ဆိုတာမျိုး မဟုတ်ပဲ ကိုယ်နဲ့လိုက်ဖက်ပြီး၊ ကိုယ့်ဖက်ရှင်နဲ့ အဆင်အပြေဆုံးဖြစ်မယ့် အဆင်တန်ဆာကို ရွေးချယ်တတ်ဖို့ တော့ လိုပါလိမ့်မယ်နော်။
မေသော်
(I am Fashion)
Share