အက်သလက်တီကိုနဲ့ပွဲအပြီးမှာ ဒီဘရိုင်းကပြောခဲ့တာပါ။

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက မနေ့ညက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲ ပထမအကျော့မှာ အက်သလက်တီကို ကစားသွားတဲ့ပုံစံနဲ့ပတ်သက်လို့ တခါမှမမြင်ဖူးဘူးလို့ ငြီးတွားပြောဆိုလိုက်ပါတယ်။ ဒီပွဲမှာ မန်စီးတီးတို့ ဒီဘရိုင်းရဲ့တလုံးတည်းသောဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။



ဒီပွဲမှာ မန်စီးတီးက ပွဲချိန်ပြည့်ဖိကစားနိုင်ခဲ့ပေမယ့် ပြိုင်ဘက် အက်သလက်တီကိုရဲ့ ခံစစ်တန်းကို ခက်ခက်ခဲခဲ ထိုးဖောက်ခဲ့ရပါတယ်။ အက်သလက်တီကိုက နောက်တန်းငါးယောက်နဲ့ ပွဲထွက်လူစာရင်းကို ခင်းကျင်းခဲ့ပြီး ပွဲကစားချိန်မှာတော့ ကစားသမား (၁၁) ယောက်လုံးက ခံစစ်ကို အပြည့်အဝကူညီခဲ့ပါတယ်။

ဒီအပေါ်မှာ ဂွါဒီယိုလာကိုယ်တိုင်က ထိုးဖောက်ရခက်ခဲတယ်လို့ ငြီးတွားခဲ့သလို အနိုင်ဂိုးရှင် ဒီဘရိုင်းကလည်း အက်သလက်တီကိုရဲ့ ကစားပုံအပေါ် စိတ်ပျက်လက်ပျက် နဲ့ ပြောကြားလာခဲ့ပါတယ်။ ဒီဘရိုင်းက “ကျနော်တို့နဲ့ ရင်ဆိုင်တဲ့အသင်းတွေက ခံစစ်စိတ်အရမ်းယိုင်ကြပါတယ်။ ဒါပေမယ့် ဒီနေ့အတွေ့အကြုံကတော့ ပထမဆုံးပါပဲ"

“၅-၅-၀ နဲ့ ကစားတဲ့အသင်းကို ကျနော့်ဘဝမှာ ပထမဆုံးကိုမြင်ခဲ့ဖူးတာပါ။ သူတို့က တိုက်စစ်မှူးတွေလည်း မပါ,ပါဘူး။ ဒီတော့ ကျနော်တို့က နေရာလွတ်တွေကို ရှာဖွေဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ အခွင့်အရေးတွေ ပိုမိုရရှိခဲ့ပြီး တဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်”

“နောက်ပြီး ဂိုးလည်းပြန်မပေးခဲ့ရပါဘူး။ ဒီရှုထောင့်ကကြည့်မယ်ဆိုရင်တော့ ကျနော်တို့က တကယ်ကောင်းတဲ့ပွဲတပွဲကို ကစားခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဒုတိယအကျော့အဖြစ် အက်သလက်တီကို အိမ်ကွင်းမှာ လာမယ့်တပတ်အတွင်း သွားရောက် ကစားရမှာပါ။

အဲ့ဒီပွဲမတိုင်ခင်မှာ မန်စီးတီးတို့ ဧပြီ (၁၀) ကျရင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် လီဗာပူးနဲ့ပွဲကိုလည်း အိမ်ကွင်း အီတိဟတ်မှာ ကစားရဦးမှာပါ။ အဲ့ဒါကြောင့်လည်း ဒီတပတ်အတွင်းကတော့ မန်စီးတီးအတွက် တော်တော်လေး အရေးကြီးတဲ့ကာလလို့ဆိုနိုင်ပါတယ်။ 

Share

Loading Next Article...
က္က