ယူနိုက်တက်တို့ ရှရစ်ဖ်ကို အနိုင်ရရှိခဲ့တာပါ။

ယူနိုက်တက်ကတော့ အဝေးကွင်းမှာ ရှရစ်ဖ်ကို လူစုံထုတ်ကစားပြီး နိုင်ပွဲရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က အထောင်တိုက်စစ်မှူးနေရာမှာ ရော်နယ်ဒိုကို ထည့်သွင်းကစားခဲ့တာကလွဲလို့ ကျန်တဲ့နေရာတွေမှာ အဓိက,ကစားသမား အစုံအလင်နဲ့ တန်ဟက်ခ်စိတ်ကြိုက် လူစာရင်းပဲ ပွဲထွက်လာခဲ့တာပါ။ မက်ဂွိုင်းရားတောင်မှ အရံခုံထိုင်ခဲ့ရပါတယ်။



နောက်တန်းမှာ ဒါလော့၊ ဗာရန်း၊ လီဆန်ဒရို၊ မာလာစီယာတို့ကိုပဲ အထိုင်ချပွဲထုတ်ခဲ့ပြီး အမှားမခံဖို့အရေး တန်ဟက်ခ်က ပြင်ဆင်ခဲ့ပါတယ်။ ရှရစ်ဖ်ကတော့ ယူနိုက်တက်နောက်တန်းကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ပုံစံကောင်းမိနေတဲ့ ဒီအုပ်စုကို ကျော်လွန်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဆန်ချိုက ဂိုးပေါက်ဆက်တွေ့ခဲ့ပြီး ရော်နယ်ဒို ဂိုးရခဲ့တာကလည်း ယူနိုက်တက်အတွက် ကျေနပ်စရာပါ။

အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကို ဆန်ချိုက တချက်ထိန်း၊ ခေါက်ပြပြီး ဘယ်ခြေနဲ့ ကန်သွင်းယူပြီး ယူနိုက်တက်တို့ အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ဂိုးသွင်းပြီးချိန်မှာ ဆန်ချိုက ပရိသတ်ကလေးငယ်လေးတယောက်ပေးထားတဲ့ ခြေသလုံးအကာကို ထုတ်ပြ အောင်ပွဲခံခဲ့တာကလည်း သဘောကျစရာဖြစ်ခဲ့ပါတယ်။ ညာခြမ်းမှာ ပွဲထွက်လာတဲ့ အန်တိုနီကလည်း အသင်းနဲ့အတူ လိုက်ပါစီးမျောနိုင်မှုမှာ ပျမ်းမျှအဆင့်လောက်အထိ ရောက်လာခဲ့ပြီလို့ ပြောရမှာပါ။

နောက်တန်းကတော့ တန်ဟက်ခ် စိတ်ကြိုက်လို့ ပြောရတဲ့အတိုင်းပဲ အမှားအယွင်း ကြီးကြီးမားမားမရှိခဲ့ပါဘူး။ အဲ့ဒီနောက် ယူနိုက်တက်တို့ ပင်နယ်တီရရှိခဲ့ပြီး ဒီပင်နယ်တီကို ရော်နယ်ဒိုကပဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ ဒီရာသီအတွက် ရော်နယ်ဒိုရဲ့ Siu ကို ပရိသတ်တွေ ပထမဆုံးခံစားခွင့်ရရှိခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ချင်ခဲ့သည့်တိုင်အောင် ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူနေဆဲပါ။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ ဂိုးထပ်မရခဲ့ဘဲ တန်ဟက်ခ်ကလည်း အပြောင်းအလဲအချို့ ပြုလုပ်ပြီး ပွဲကို ထိန်းဖို့ကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ ဒါလော့နေရာမှာ လုခ်ရှောကိုထည့်၊ မာလာစီယာကို ညာခြမ်းပြောင်းကစားစေခဲ့ပြီး မက်ဂွိုင်းရား၊ အီလန်ဂါ၊ ဂါနာချိုတို့လည်း လူစားဝင်ကစားခဲ့ကြပါတယ်။ ယူနိုက်တက်ကတော့ ဒီရာသီ ပထမဆုံး ယူရိုပါလိဂ်နိုင်ပွဲကိုရရှိခဲ့တာပါ။ ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ဆက်တိုက် အနားရသွားပြီး လာမယ့် အောက်တိုဘာလဆန်းမှသာ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲအဖြစ် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က