ဒီညပွဲမတိုင်ခင် ပေါ်တာက ပြောကြားခဲ့တာပါ။

ချဲလ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာက သူ့အနေနဲ့ အရင်တုန်းက တခါမှချန်ပီယံလိဂ်ပွဲတွေကို ကွင်းထဲ သွားရောက်ကြည့်ရှုဖူးတာမျိုးမရှိဘူးလို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။ ချဲလ်ဆီးဟာ ဒီကနေ့ညမှာ ဆဲလ်ဘာ့ဂ်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။



အသက် (၄၇) နှစ်အရွယ် ပေါ်တာအတွက်တော့ ဒီပွဲက သူ့အတွက် ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးပွဲဖြစ်လာဖို့ရှိနေပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ်က ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဒိုင်နမိုဇာဂရက်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် တူဟယ်လ်ကို ထုတ်ပယ်ကာ ဘရိုက်တန်နည်းပြ ပေါ်တာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာတော့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ ကွယ်လွန်မှုကြောင့် ပရီးမီးယားလိဂ်ပွဲစဥ်အားလုံးကို ဖျက်သိမ်းခဲ့ရပြီး ပေါ်တာအနေနဲ့လည်း ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးပွဲကို ကိုင်တွယ်ခွင့်ရရှိဖို့ စောင့်ဆိုင်းခဲ့ရပါတယ်။ အခုချိန်မှာတော့ ပေါ်တာက “ကျနော့်ခေါင်းထဲမှာ လုံးဝကို မရှိခဲ့တဲ့အရာပါ။ ကျနော်က ချန်ပီယံလိဂ်ပွဲကို ကွင်းထဲမှာ သွားကြည့်ရမယ်လို့လည်း မစဥ်းစားဖူးပါဘူး”

“အခုချိန်က နည်းပြခုံတန်းမှာ ထိုင်ဖို့အတွက် အချိန်ကောင်းလို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ ဘယ်နေရာကနေပဲ အစပြုသည်ဖြစ်စေ၊ ဒါက နိဒါန်းတခုပါပဲ။ ဘယ်နေရာကနေပဲ စပါစေဦး၊ အကောင်းဆုံးဖြစ်နိုင်တာပဲလေ။ အဲ့ဒီတော့ ဘာကြောင့် အခုပဲ အစမပြုနိုင်ရမှာလဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ပေါ်တာဟာ ချဲလ်ဆီးနဲ့ (၅) နှစ် စာချုပ်ချုပ်ဆိုထားတဲ့နည်းပြတယောက်ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းပိုင်ရှင် တော့ဒ်ဘိုလေကလည်း ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိရင်တောင် ပေါ်တာကို ရာထူးက ထုတ်ပယ်သွားဖွယ်မရှိဘဲ ရေရှည်လက်တွဲသွားဖို့ ရည်ရွယ်ထားကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ 

Share

Loading Next Article...
က္က