အမြင့်ဆုံး ဆုကြေး ကျပ်သိန်း ၁၀၀ နဲ့အတူ ဆုအမျိုးအစား ၄ မျိုး ပေးသွားတဲ့ တတိယအကြိမ် MYTDP 2020 ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က ရန်ကုန်မြို့ MICT Park မှာ ကျင်းပသွားခဲ့ပါတယ်။
Myanmar Youth Technopreneurship Development Program (MYTDP) 2020 ရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲနဲ့ ဆုပေးပွဲမှာ Accelerate Award ၊ Startup Award ၊ Idea Award နဲ့ Honourable Mention ဆိုပြီး ဆုအမျိုးအစား ၄ မျိုး ပေးအပ်သွားတာ ဖြစ်ပါတယ်။
Honorable Mention အဖြစ် MYTDP 2020 အစီအစဉ်မှာ ရွေးချယ်ခံရတဲ့ အသင်း ၆ သင်းရှိခဲ့ပြီး Idea Award အတွက် ၂ သင်း ၊ Startup Award နဲ့ ဆုကြေးအမြင့်ဆုံးဖြစ်တဲ့ Accelerate Award အတွက် ၁ သင်းစီ ရွေးချယ်ပေးအပ်ခဲ့ပါတယ်။
Photo: Duwun Tech
ဆုကြေးငွေ ကျပ် ၈ သိန်းစီ ပေးသွားတဲ့ Honourable Mention ဆုကို app ကနေ အဝတ်လျှော်ဝန်ဆောင်မှု ပေးသွားမယ့် Dhobi.co ၊ စားသောက်ဆိုင်တွေကနေ Dicount. ရယူနိုင်မယ့် app နဲ့ Shal Sar အဖွဲ့ ၊ အလှအပရေးရာ ဝန်ဆောင်မှုတွေကို app ကနေ ကြိုတင် ဘွတ်ကင်လုပ်နိုင်မယ့် Charm အဖွဲ့ ၊ အွန်လိုင်းပေါ်ကနေ စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးမယ့် Mental Heal ပရောဂျက်နဲ့ Knight အဖွဲ့ ၊ ဆိုရှယ်မီဒီယာသုံးသူများအတွက် Personal Development ပိုင်း ဝန်ဆောင်မှုပေးမယ့် Ehtereal အဖွဲ့ နဲ့ တိုင်းရင်းဆေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးသွားမယ့် Team Cherry အဖွဲ့တို့ ရရှိခဲ့ပါတယ်။
Idea Award အဖြစ် ဆုကြေးငွေ ကျပ်သိန်း ၃၀ ကို ကြက်မွေးမြူရေးဆိုင်ရာ Solutions ပေးသွားမယ့် Archer Solutions အဖွဲ့ ၊ ဖူဆယ်ကွင်း ငှားရမ်းမှု လုပ်ပေးမယ့် Futsal Plus ဝန်ဆောင်မှုနဲ့ Team Luneration တို့က ရရှိခဲ့ပါတယ်။ Statrup Award ကျပ်သိန်း ၈၀ ဆုကို ဘောလုံးအားကစားဆိုင်ရာ သတင်းအချက်အလက်အားလုံး တစ်နေရာတည်းမှာ ရယူနိုင်အောင် ဝန်ဆောင်မှုပေးမယ့် Team AiO နဲ့ အမြင့်ဆုံး ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်သွားတဲ့ Accelerate Award ကို စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ သင်ခန်းစာတွေ သင်ကြားပေးမယ့် အွန်လိုင်း app ဖြစ်တဲ့ Aung Myin Online Learning Platform က ရရှိခဲ့ပါတယ်။
Photo: Duwun Tech
Accelerate Award နဲ့ Startup Award ရရှိခဲ့တဲ့ ပြိုင်ပွဲဝင် အသင်း နှစ်သင်းဟာ ဆုကြေးငွေနဲ့အတူ MICT Park ထဲမှာ ရှိတဲ့ Kanaung Hub ရဲ့ Co-Working Space မှာ ၆ လတာ အလုပ်လုပ်ဖို့ နေရာနဲ့ ကုမ္ပဏီမှတ်ပုံတင်ခွင့်များ ရရှိမှာ ဖြစ်သလို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် MCF ရဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဆိုင်ရာ လှုပ်ရှားမှုနဲ့ မီဒီယာအစီအစဉ်တွေမှာ ပါဝင်ခွင့်ရမယ်လို့ ဆိုပါတယ်။ Idea Award နဲ့ Honourable Mention ဆုရှင်များကိုလည်း အစိုးရအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လက်တွဲအလုပ်လုပ်ကိုင်ခွင့် ရအောင် စီမံပေးသွားမယ်လို့လည်း MYTDP ဖွဲ့စည်းရေး ကော်မတီဥက္ကဌ ဦးသောင်းဆုငြိမ်းက ပြောပါတယ်။
အသက် ၁၈ နှစ်နဲ့ အထက် လူငယ်တိုင်း ပါဝင်နိုင်တဲ့ MYTDP နည်းပညာ စွန့်ဦးတီထွင် အစီအစဉ်ကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် MCF နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်ကတည်းက စတင် ကျင်းပခဲ့တာဖြစ်ပါတယ်။