ပြီးခဲ့တဲ့နှစ်က Apple ဟာ ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၁ ထရီလီယံတန် ကုမ္ပဏီဖြစ်ခဲ့ပြီးနောက် Amazon ဟာ ဒုတိယမြောက် ဒေါ်လာ ထရီလီယံတန် အမေရိကန်ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
Photo: coinspeaker
ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ် တည်ထောင်ထားတဲ့ ဆော့ဖ်ဝဲလ်ကုမ္ပဏီ Microsoft ဟာလည်း စတော့ခ်ရှယ်ယာတန်ကြေး မြင့်တက်ပြီးနောက် ပထမဆုံးအကြိမ် ဒေါ်လာ ထရီလီယံ ( ဒေါ်လာ ဘီလျံ ၁၀၀၀) တန် ကုမ္ပဏီအဖြစ်ကို ရောက်ရှိခဲ့တယ်လို့The Verge မှာ ဖော်ပြထားပါတယ်။ ဧပြီ ၂၅ ကြာသာပတေးနေ့က Microsoft ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၃၀ ဖြစ်လာပြီးနောက် ရှယ်ယာအားလုံးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁ ထရီလီယံ ကျော်ခဲ့တယ်လို့ဆိုပါတယ်။
Microsoft ရဲ့ ရှယ်ယာဈေး တက်လာခြင်းထဲမှာ cloud စီးပွားရေးအားကောင်းလာခြင်းကလည်း အဓိက ကျပါတယ်။ ပြီးခဲ့တဲ့ နှစ်က စပြီး Microsoft ဟာ cloud products များ ဈေးကွက်မှာ ထိုးဖောက်ခဲ့တာပါ။ Microsoft ရဲ့ Azure cloud အပါအဝင် ဆာဗာထုတ်ကုန်တွေဟာ cloud services ပိုင်းမှာ Amazon ပြီးရင် ဒုတိယအင်အားအကြီးဆုံး ဖြစ်ပြီး Google cloud ဝန်ဆောင်မှုတွေထက် ပိုပြီး အားကောင်းပါတယ်။
ကုမ္ပဏီရဲ့ နောက်ဆုံးသုံးလပတ် ဝင်ငွေရလဒ်စာရင်းမှာ Azure cloud ၊ ဆာဗာထုတ်ကုန်တွေနဲ့enterprise services တွေကနေ ဒေါ်လာ ၉.၇ ဘီလျံ ဝင်ခဲ့ပြီး Office ၊ LinkedIn နဲ့Dynamics တို့ဟာ ဒေါ်လာ ၁၀.၂ ဘီလျံ ၊ Windows ၊ Xbox နဲ့Surface တို့ကနေ ဒေါ်လာ ၁၀.၇ ဘီလျံ ဝင်ခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၉ ပထမ ၃ လပတ် ဝင်ငွေဟာ ပျမ်းမှ ၃၀% ဝန်းကျင်စီ တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
Photo: The Verge
ပြီးခဲ့တဲ့နှစ် သြဂုတ်လက အမေရိကန်ရဲ့ ပထမဆုံး ဒေါ်လာ ထရီလီယံတန် ကုမ္ပဏီ ဖြစ်ခဲ့တဲ့ Apple ဟာ အခုချိန်မှာ ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၉၇၆ ဘီလျံ တန် ကုမ္ပဏီအဖြစ် ရှိနေပြီး Apple နောက် ဒုတိယမြောက် ဒေါ်လာ ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာတဲ့ Amazon ဟာလည်း လက်ရှိမှာ ဒေါ်လာ ၉၃၅ ဘီလျံတန် ကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။
အမေရိကန်နိုင်ငံစုံ နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ Microsoft ကို ၁၉၇၅ ခုနှစ်က ပေါလ်အယ်လန်နဲ့ဘီလ်ဂိတ်စ်တို့စတင်တည်ထောင်ခဲ့တာပါ။ သက်တမ်း ၄၄ နှစ် ရှိပြီ ဖြစ်တဲ့ Microsoft အတွက်တော့ ဒေါ်လာ ၁ ထရီလီယံကျော်တန်ကုမ္ပဏီအဖြစ် ရောက်လာခြင်းဟာ ထူးခြားတဲ့ မှတ်တမ်းကောင်းအဖြစ် ကျန်ခဲ့နေမှာ ဖြစ်ပါတယ်။