ဒေါ်လာ ၄၄ ဘီလျံတန် Twitter အရောင်းအဝယ်ကိစ္စကို အီလွန်မတ်စ် ဖျက်ပစ်ချင်တဲ့အကြောင်းရင်းတစ်ခုက ထူးဆန်းလှတယ်လို့ ဆိုရမှာပါ။
မေလ ၈ ရက်နေ့က Morgan Stanley ဘဏ်ပိုင်ရှင် မိုက်ကယ်ဂရင်းမ်ဆီ ပေးပို့တဲ့ အီလွန်မတ်စ်ရဲ့ စာကို ကိုးကားပြီး Twitter ဘက်က ရှေ့နေ ဝီလျံ ဆာဗစ်က တရားခွင်မှာ ပြောသွားတာပါ။ တရားရုံးမှာ ဖတ်ကြားသွားတဲ့ သက်သေစာထဲမှာ အီလွန်မတ်စ်က "ရက်နည်းနည်းလောက် ဆိုင်းလိုက်ရအောင်။ ပူတင်ရဲ့ မနက်ဖြန်ပြောမယ့် မိန့်ခွန်းက အလွန့်အလွန်ကို အရေးကြီးပါတယ်။ တတိယကမ္ဘာစစ်ထဲ ကျွန်တော်တို့ ဦးတည်နေမယ်ဆိုရင် Twitter ကို ဝယ်တာ အဓိပ္ပါယ်မရှိဘူးလေ" လို့ ရေးထားပါတယ်။
Twitter ကုမ္ပဏီကို ဝယ်ဖို့ သဘောတူညီချက်ရပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ နိုင်ငံရေးအခြေအနေတွေကို ကြည့်ပြီး အီလွန်မတ်စ်က အရောင်းအဝယ်ကိစ္စ ရပ်ဆိုင်းဖို့ ကြိုးစားလာတာပါ။ မိုက်ကယ်ဂရင်းမ်ဆီ စာပို့ပြီး ၅ ရက်အကြာမှာ သူ့ရဲ့ Twitter အကောင့်ကနေတစ်ဆင့် အရောင်းအဝယ်ကိစ္စ ဆိုင်းငံ့ကြောင်း ရေးသားခဲ့ပါတယ်။ အဲ့ဒီအချိန်က ရုရှားဟာ နူကလီးယားလက်နက်တွေ အသုံးပြုတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
ရုရှားဟာ ဒီနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဖြစ်ပြီး Twitter နဲ့ အီလွန်မတ်စ်အကြား အရောင်းအဝယ် သဘောတူခဲ့ကြတာ ဧပြီ ၂၅ ရက်နေ့ ဖြစ်ပါတယ်။ မတ်စ်အနေနဲ့ ရုရှားကြောင့် တတိယကမ္ဘာစစ်ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ Twitter ကို ဝယ်မယ့်ကိစ္စဖျက်သိမ်း ရွှေ့ဆိုင်းတာဟာ လုပ်ငန်းအရောင်းအဝယ်မှာ ပါတဲ့ ကုမ္ပဏီအရောင်းအဝယ်ရပ်နိုင်တဲ့ သက်ရောက်မှု MAE နဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး ဒီလာဝဲလ်တရားသူကြီး ကတ်သလင်း မက်စ်ကောမစ်ခ်က တရားခွင်မှာ ပယ်ချခဲ့ပါတယ်။
မက်စ်ကောမစ်ခ်အနေနဲ့ အရောင်းအဝယ်ရွှေ့ဖို့ ပြောတဲ့ အီလွန်မတ်စ်ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပေမယ့် အီလွန်မတ်စ်တင်သွင်းတဲ့ Twitter အတွင်းရေးဖွင့်ချသူ ပိုက်တာ ဇတ်ကိုရဲ့Twitter အတွင်းရေးစွပ်စွဲမှုတွေကိုတော့ လက်ခံခဲ့ပါတယ်။ ဇတ်ကိုက Twitter ကုမ္ပဏီဟာ လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် Privacy ဆိုင်ရာ အားနည်းချက်တွေနဲ့ ပြည့်နေပြီး အမှုဆောင်အရာရှိတွေဟာ အီလွန်မတ်စ်နဲ့အများပြည်သူကို ပလက်ဖောင်းပေါ်က အကောင့်တုတွေ ၊ Spam အကောင့်တွေအကြောင်း တိကျတဲ့ အချက်အလက်တွေကိစ္စမှာ လိမ်လည်ဖျားယောင်းထားတယ် ဆိုပြီး The Washington Post သတင်းကို ပြောထားပါတယ်။
ဇတ်တိုဟာ Twitter နဲ့ အီလွန်မတ်စ်တို့အကြား အရောင်းအဝယ်ဖြစ်/မဖြစ်အတွက် အဓိကကျတဲ့ ဇာတ်ကောင်ဖြစ်လာပါတယ်။ ဇတ်တိုရဲ့ အဆိုအရ Twitter ဟာ အသုံးပြုသူအချက်အလက်တွေကို တလွဲအသုံးပြုပြီး ၂၀၁၁ ခုနှစ် ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် FTC ရဲ့ သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ ပြောထားပါတယ်။ ဒီအချက်အလက်ဟာ အီလွန်မတ်စ်ပြောတဲ့ တတိယကမ္ဘာစစ်ဖြစ်လာနိုင်လို့ အရောင်းအဝယ်ဖျက်ချင်တယ်ဆိုတဲ့အချက်ထက် ပိုပြီး ထိရောက်သလို အရောင်းအဝယ်ကိစ္စကိုပါ ဖျက်ပစ်နိုင်အောင် စွမ်းဆောင်နိုင်ဖို့ ရှိပါတယ်။
အီလွန်မတ်စ်ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကလည်း BBC ရဲ့ ဒိုင်နိုဆောတွေ သေဆုံးခဲ့ရပုံအကြောင်း ရေးထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို Share ပြီး ကမ္ဘာပျက်ဖို့ နီးလာပြီဆိုပြီးလည်း ပြောထားပါတယ်။