မနေ့ညက ဘင်ဖီကာနဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းထဲက ထွက်လာတဲ့ နေမာနဲ့ ဒိုင်လူကြီး အော်တစ်ဇ်အာရီယက်စ်တို့ လက်ဆွဲနှုတ်ဆက်ရင်း ပြဿနာဖြစ်ပွားခဲ့ကြပါတယ်။ ဒီပွဲမှာ တဖက်တဂိုးစီ သရေကျခဲ့ပြီး ပီအက်စ်ဂျီအတွက်တော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံး အမှတ်လျော့ခဲ့တဲ့ပွဲစဥ်တပွဲလည်းဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် နေမာကတော့ ဒီပွဲမှာ သွင်းယူခဲ့တဲ့ မက်ဆီရဲ့ ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ ဒီပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို နေမာတယောက် နှစ်သက်ခဲ့ပုံမပေါ်ပါဘူး။ ဒုတိယပိုင်းပြီးခါနီး မိနစ် (၉၀) မှာ နေမာ အပါအဝင် ပီအက်စ်ဂျီကစားသမားတွေဖြစ်တဲ့ ဖာဘီယန်ရုဇ်၊ ဗာရက်တီတို့ အဝါကတ်တွေ ဆက်တိုက်ပြသခံခဲ့ရပါတယ်။
အဲ့ဒါကြောင့်လည်း နေမာက ပွဲအပြီးမှာ ဒိုင်လူကြီး အာရီယက်စ်နဲ့ လက်ဆွဲနှုတ်ဆက်ရင်း အချေအတင်ဖြစ်ခဲ့တာပါ။ နေမာဟာ လက်ဆွဲနှုတ်ဆက်ချိန်မှာ စောဒကတက်ခဲ့ပြီး အာရီယက်စ်က နေမာရဲ့လက်ကို ပြန်ဆွဲထားခဲ့တာကြောင့် နေမာတယောက် ဒေါသတယောက်ဖြစ်ခဲ့ရပါတယ်။ ဒိုင်လူကြီးက နေမာရဲ့လက်ကို လွှတ်ပေးလိုက်တဲ့နောက် နေမာနဲ့ စကားဆက်များခဲ့ပြီး နေမာကတော့ ဒိုင်လူကြီးကို အရွဲ့တိုက်၊ လက်မထောင်ပြကာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
ဒါဟာ ဒီရာသီအစောပိုင်းက ချဲလ်ဆီးနည်းပြဟောင်း တူဟယ်လ်နဲ့ စပါးနည်းပြ ကွန်တီတို့ ပွဲအပြီး လက်ဆွဲနှုတ်ဆက်ရင်း ရန်ပွဲဖြစ်ပွားခဲ့တာကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ ဒီနှစ်ယောက်ကလည်း ပွဲချိန်အတွင်းမှာ တင်းမာမှုတွေရှိခဲ့ပြီး ပွဲအပြီး လက်ဆွဲနှုတ်ဆက်ချိန်မှာတော့ မလိုလားအပ်တဲ့ နားလည်မှုအလွဲတွေကြောင့် ပြဿနာအကြီးအကျယ်ဖြစ်ခဲ့ရတာပါ။
နေမာအတွက်လည်း ဒီရာသီ ချန်ပီယံလိဂ်မှာ ဒိုင်လူကြီးတွေနဲ့ ပြဿနာဖြစ်ပွားတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ မက္ကာဘီဟိုင်ဖာနဲ့အဝေးကွင်းပွဲမှာလည်း နေမာက ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့နေရာမှာ လျှာထုတ်ပြောင်ပြပြီး အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်ထိခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာ နေမာက သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အခု ဘင်ဖီကာနဲ့ပွဲမှာပါ ဒိုင်လူကြီးနဲ့ ပြဿနာ ထပ်မံဖြစ်ပွားခဲ့တာပါ။