တိုင်ကြားခံရမှုများနေတဲ့ Telenor Broadband အင်တာနက်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး စားသုံးသူရေးရာဦးစီးဌာနက တယ်လီနောမြန်မာကုမ္ပဏီမှ တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံသွားမယ်လို့ အဆိုပါ ဦးစီးဌာနက ယနေ့ (ဇန်နဝါရီ ၁၈ ရက်) ထုတ်ပြန်ကြေညာပါတယ်။
Photo- Telenor Myanmar
Telenor Broadband အင်တာနက်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၈ ရက်နေ့မှစတင်ကာ တိုင်ကြားမှုပေါင်း ၃၃၈ မှုရှိလာခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းအလိုက် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့တွေကလည်း ဆောင်ရွက်ပေးနေတယ်လို့ စားသုံးသူရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော် (ရုံးချုပ်) ကလည်း တယ်လီနောမြန်မာလီမိတက်မှ တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။အဆိုပါ တွေ့ဆုံဆွေးနွေးပြီးပါကလည်း သုံးစွဲသူတွေ သိရှိစေဖို့ ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း အသိပေးကြေညာထားတာပါတယ်။ Telenor Broadband ရဲ့ အဝသုံး ဒေတာအကန့်အသတ်မရှိ (Unlimited) ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်ဇွန်လမှာ စတင်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၉၀ အတွက်ကျပ် ၇၅၀၀၀ကျသင့်တာဖြစ်ပါတယ်။ဒေတာသုံးစွဲမှု အကန့်အသတ်မရှိ ဝန်ဆောင်မှုအဖြစ် ပြောထားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မျှတစွာသုံးစွဲခြင်းမူဝါဒလို့ဆိုကာ တစ်ရက်ကို ဒေတာအသုံးပြုမှု 10GB သို့ လျှော့ချခဲ့သလို Wireless data plan အသစ်အရ တစ်လကို 111 GB လို့ သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။
တယ်လီနောသုံးစွဲသူတွေအကြား ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။