သမိုင်းမှတ်တမ်းဝင် လေပြင်းတိုက်မှုနဲ့ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တဲ့ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု တိုကျိုမြို့ကို တိုက်ရိုက် ဝင်ရောက်တိုက်ခတ်ပြီး ပင်လယ်ရေလှိုင်းများ မြင့်တက်မှု၊ မြေပြိုမှုနဲ့ ရေကြီးမှုများ ဖြစ်လာနိုင်ကြောင်း ဂျပန်အာဏာပိုင်တွေက သတိပေးထားပါတယ်။
(Photo: Kazuhiro/AFP)
လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၄ မိုင်အထိ ပြင်းထန်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း Faxai ဟာ တိုကျိုမြို့ကို ယနေ့ (စက်တင်ဘာ ၈ ရက်) နှောင်းပိုင်းမှာ တိုက်ရိုက် ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ တိုင်ဖွန်း Faxai ဟာ တိုကျိုမြို့အနီး ကမ်းရိုးတန်းနေရာတွေကို ယနေ့နှောင်းပိုင်းမှာ စတင်ဝင်ရောက်ပြီး တနင်္လာနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းအချိန်အထိ ဖြတ်သန်းတိုက်ခတ်မယ်လို့ ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။
မုန်တိုင်းကြောင့် မိုးသည်းထန် လေပြင်းတိုက်မှု၊ ပင်လယ်ရေလှိုင်းမြင့်တက်မှု၊ မြေပြိုမှု၊ ရေကြီးမှုနဲ့ မြစ်ရေလျှံမှုတွေကို သတိပြုကြရန် မိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပါတယ်။ တိုင်ဖွန်း Faxai တိုက်ခတ်မှုကြောင့် သမိုင်းမှတ်တမ်းတင်ရလောက်တဲ့ လေပြင်းတိုက်မှုနဲ့ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသဌာနမှ တာဝန်ရှိသူ နာအိုဂျီ နာကာမူရာက ပြောပါတယ်။
(Map: Weather Underground)
တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်မှာ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ယနေ့အစောပိုင်းကတည်းက ကြုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ မုန်တိုင်းသက်ရောက်မှုရှိနိုင်တဲ့ နေရာဒေသတွေမှာ ကျည်ဆန်ရထားနဲ့ ကူးတို့သင်္ဘော ဝန်ဆောင်မှုတွေကို ဖျက်သိမ်းထားကြောင်း သိရပါတယ်။
Central Japan Railway ကုမ္ပဏီက တိုကျိုမြို့နဲ့ ဂျပန်အလယ်ပိုင်း၊ အနောက်ပိုင်း မြို့ကြီးတွေကို ချိတ်ဆက်ပြေးဆွဲနေတဲ့ ကျည်ဆန်ရထား ၅၀ ခန့်ကို ဝန်ဆောင်မှုရပ်ဆိုင်းထားပြီး တိုကျိုပင်လယ်အော်အတွင်း ကူးတို့သင်္ဘောခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားပါတယ်။ ဒ့ါအပြင် JAL, ANA နဲ့ အခြား လေကြောင်းလိုင်းတွေကလည်း လေယာဉ်ခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းထားကြောင်း ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။
(Photo: AFP)
ဒေသစံတော်ချိန် ယနေ့မနက် ၁၀ နာရီအချိန် တိုင်းတာချက်အရ တိုင်ဖွန်း Faxai ဟာ တိုကျိုမြို့တောင်ဘက် ဟာချီဂျိုဂျီမာကျွန်းအနီး ပစိဖိတ်သမုဒ္ဒရာအတွင်းရှိနေပြီး အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၉ မိုင်နှုန်းဖြင့် ရွေ့လျားနေပါတယ်။ မုန်တိုင်းကြောင့် ပင်လယ်ရေလှိုင်းမြင့်တက်မှုတွေ ဖြစ်ပေါ်နေကြောင်းလည်း သိရပါတယ်။ ထပ်မံသိရတဲ့ သတင်းအရ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုကျိုမြို့မှာ လူတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
(Photo: AP)
ယခုနှစ် သြဂုတ်လလယ်က အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ခရိုစာ (Krosa) ဂျပန်အနောက်ပိုင်းကို ဝင်ရောက်ခဲ့ရာ လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။ သြဂုတ်လကုန်ပိုင်းမှာလည်း ဂျပန်အနောက်ပိုင်းမှာ မိုသည်းထန်ပြီး ရေကြီးမှုဆိုးရွားစွာဖြစ်ခဲ့ရာ လူသုံးဦး သေဆုံးခဲ့ကြောင်း AFP သတင်းက ပြောပါတယ်။