ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ထင်ရှားတဲ့ လမ်းတစ်လျှောက်မှာ နှစ်သစ်ကြိုဆိုပွဲ ဆင်နွှဲနေကြတဲ့ လူအုပ်စုကို ဗင်ကားငယ်တစ်စီးဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူကိုးဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ မီဒီယာတွေက ယနေ့ (ဇန်နဝါရီ ၁ ရက်) ပြောပါတယ်။ လူအုပ်စုကို ကားဖြင့်ဝင်တိုက်ခဲ့သူဟာ အသက် ၂၁ နှစ်အရွယ် ကာဇူဟီရို ကူဆာကာဘေး အမည်ရှိ အမျိုးသားဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
(Photo: AFP)
၎င်းက ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်ကျော်လွန်ကာ ၂၀၁၉ ဇန်နဝါရီ ၁ ရက်ကို ကူးပြောင်းရောက်ရှိပြီး ၁၀ မိနစ်မျှအကြာမှာ ဖက်ရှင်ဆိုင်များဖြင့် ထင်ရှားစည်းကားတဲ့ ဟာရာဂျူကူရှိ တာကီရှီတာလမ်းတစ်လျှောက်ရှိ လူအုပ်စုအတွင်းကို ကားဖြင့်ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ကာဇူဟီရိုက လူသတ်ရန် ရည်ရွယ်ချက်ဖြင့် လူအုပ်စုကို ကားဖြင့်ဝင်တိုက်ခဲ့ပြီးနောက် ထွက်ပြေးခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးရမိခဲ့ပါတယ်။
ကာဇူဟီရိုက သေဒဏ်ကျခံရန်အတွက် ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့တယ်လို့ NHK သတင်းဌာနက ပြောပါတယ်။ တခြား အသေးစိတ်တွေကိုတော့ NHK က ပြောခဲ့ခြင်း မရှိပါဘူး။ ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ တာကီရှီတာလမ်းမဟာ ဖက်ရှင်အရောင်းဆိုင်များနဲ့ ထင်ရှားပြီး ဈေးဝယ်သူတွေနဲ့ စည်းကားတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
(Photo: AFP)
NHK သတင်းမှာ ထုတ်လွှင့်ပြသမှုအရ ရှေ့ပိုင်းပျက်စီးနေတဲ့ ဗင်ကားငယ်တစ်စီးနဲ့ ဆေးဘက်ဝန်ထမ်းတွေက ဒဏ်ရာရသူတွေကို သယ်ဆောင်နေတာ တွေ့ရပါတယ်။ ယခုဖြစ်ရပ်အတွင်း လူရှစ်ဦး ကားဖြင့်အတိုက်ခံခဲ့ရပြီး ၎င်းတို့အနက် ကျောင်းသားတစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ကိုဦးမြောက် ဒဏ်ရာရသူကတော့ ကားမောင်းသူက တိုက်ခိုက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။