အစ္စတန်ဘူလ်မြို့ရဲ့ အာရှဒေသဘက်အခြမ်းရှိ ၈ ထပ်တိုက် ပြိုကျခဲ့တာဖြစ်ပါတယ်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ လူနေတိုက်ခန်းတွဲ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၁၇ ဦးသို့ မြင့်တက်လာကြေင်းနဲ့ အာဏာပိုင်တွေအနေနဲ့ ယခုဖြစ်ရပ်ကနေ သင်ခန်းစာယူရမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ယနေ့ (ဖေဖေါ်ဝါရီ ၉ ရက်) ပြောခဲ့ကြောင်း သိရပါတယ်။

(Photo: Kemal Aslan/Reuters)

ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၆ ရက်) က အစ္စတန်ဘူလ်မြို့ရဲ့ အာရှဒေသဘက်အခြမ်း Kartal ခရိုင်ရှိ ၈ ထပ်တိုက် ပြိုကျခဲ့ခြင်းဖြစ်ပြီး တိုက်ပြိုကျရတဲ့ အကြောင်းရင်းအတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။ သမ္မတအာဒိုဂန်က အဆောက်အအုံပြိုကျတဲ့နေရာကို ယနေ့ လာရောက်ကြည့်ရှုခဲ့ပြီး သေဆုံးသူ ၁၇ ဦးနဲ့ ဒဏ်ရာရသူ ၁၄ ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။



လူနေတိုက်ခန်းတွဲ ပြိုကျမှုကြောင့် ယမန်နေ့ကအထိ ၁၅ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားခဲ့ရာမှာ ယနေ့မှာတော့ သေဆုံးဒဏ်ရာရသူ အရေအတွက် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Standard)

"ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ သင်ခန်းစာတွေအများကြီးယူရမှာပါ၊ ကျွန်တော်တို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားပါမယ်" လို့ အာဒိုဂန်က ပြောခဲ့ပါတယ်။ အဆောက်အအုံပြိုကျတဲ့နေရာမှာ ကယ်ဆယ်ရေးသမား အများအပြားက ကရိန်းအသုံးပြုပြီး ကြီးမားတဲ့ ကွန်ကရစ်တုံး အပိုင်းအစတွေကို ဖယ်ရှားရှင်းလင်းကာ ပိတ်မိနေသူရှိ မရှိ ရှာဖွေနေကြပါတယ်။

ယခုဖြစ်ရပ်အတွင်း မိသားစုတစ်ခုမှ မိသားစုဝင် ၉ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ရဲ့ ဈာပနကို သမ္မတအာဒိုဂန် ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ အာဒိုဂန်က ဆေးရုံတင်ထားရတဲ့ ဒဏ်ရာရခဲ့သူတွေထံကိုလည်း သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

တူရကီအာဏာပိုင်တွေရဲ့ အဆိုအရ ပြိုကျခဲ့တဲ့ အဆောက်အအုံမှာ လူ ၄၃ ဦး နေထိုင်ကြတယ်လို့ သိရပါတယ်။ ပြိုကျခဲ့တဲ့ အဆောက်အအုံရဲ့ အထပ် ၈ ထပ်အနက် ၃ ထပ်ဟာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခဲ့ကြောင်း တူရကီမီဒီယာတွေက ပြောပါတယ်။ လူဦးရေ ၁၅ သန်းခန့်နေထိုင်ကြတဲ့ အစ္စတန်ဘူလ်မြို့ဧရိယာအတွင်းမှာ ထိုသို့ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။

ယမန်နှစ်အတွင်းကလည်း အစ္စတန်ဘူလ်မှာ ပြင်းထန်တဲ့ မိုးသက်မုန်တိုင်း ကျရောက်ခဲ့ပြီးနောက် ၄ ထပ် အဆောက်အအုံတစ်ခု ပြိုကျခဲ့ဖူးပါတယ်။ အစ္စတန်ဘူလ်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ဝန်ထမ်းတွေနေတိုင်ကြတဲ့ နေရာဒေသရှိ အဆောက်အအုံပြိုကျခဲ့မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က