အနုပညာအလုပ်နဲ့ ပတ်သက်လာရင်တော့ ဝါသနာပါမှ လုပ်ခိုင်းမယ်ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် တိုင်ရွန်ကတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးက သူလိုချင်တဲ့ မိသားစု ဘဝလေးနဲ့ ထပ်တူကျတယ်လို့ ဆိုပါတယ်။

Photo: Tyron

တိုင်ရွန်ကတော့ မိသားစုအပေါ် အရမ်းချစ်မြတ်နိုးတဲ့ မင်းသားချောတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိဘ၊ မောင်နှမတွေ၊ တူလေး တူမလေးတွေနဲ့ အတူတူနေတယ်လို့ သိရပါတယ်။ ပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝအကြောင်းကိုလည်း Duwun ကနေ ပြောပြခဲ့ပါတယ်။ 

" ကျွန်တော် လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးကတော့ ကိုယ်လိုချင်တဲ့ မိသားစု ပုံစံလေးအဖြစ် ထပ်တူကျပါတယ်။ အရင်တုန်းကတည်းက ကျွန်တော်တို့ မိသားစုက ထမင်းစားတယ်ဆိုရင်တောင် နေ့လယ်စာပဲ စားစား၊ ညစာပဲ စားစား၊ မနက်စာပဲ စားစား အားလုံး အတူတူစားကြတာ။ တစ်ယောက်နဲ့ တစ်ယောက် နေရာခွဲပြီးစားတာမျိုးလည်း မရှိဘူး။ ဒီလို မိသားစုဘဝလေးမှာ နေရတာ ပျော်ဖို့ကောင်းပါတယ်" လို့ သူကဆိုပါတယ်။ 

Photo: Tyron

တိုင်ရွန်မှာတော့ တူလေး တစ်ယောက်၊ တူမလေး တစ်ယောက်ရှိတယ်လို့ ဆိုပါတယ်။ ဦးလေး တစ်ယောက်အနေနဲ့ ဆုံးမသွန်သင်ပေးတဲ့အရာတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

"ကလေးတစ်ယောက်က မေးလာတဲ့ မေးခွန်းတိုင်းကို သူကျေနပ်သွားရင် ပြီးရော ဆိုတဲ့ အဖြေမျိုး ကျွန်တော်တို့ မိသားစုက ပေးလေ့မရှိဘူး။ သေသေချာချာရှင်းပြလေ့ရှိတယ် ။ ငယ်ငယ်ကတည်းက စကြသလိုပေါ့ သရဲခြောက်လိမ့်မယ်၊ ဒေဝေါကြီးလာပြီ ဆိုတာမျိုးတွေလည်း ပြောလေ့မရှိဘူး။ တကယ်ကို ယုတ်တိရှိတဲ့စကားတွေနဲ့ပဲ ကလေးတွေကို သင်ပြလေ့ရှိတယ်။ ဒါမှလည်း ကြီးလာရင် လူကြောက်တတ်တာ၊ မမြင်တဲ့အရာတွေကို ကြောက်တတ်တာမျိုး မဖြစ်အောင် ဆိုတဲ့ စိတ်လေးနဲ့ ဆုံးမလေ့ရှိပါတယ်" လို့ဆိုပါတယ်။ 

Photo : Nyi Nyi Aung

တိုင်ရွန်ဟာ သူ့ရဲ့ တူလေး၊ တူမလေးတွေနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ တင်လိုက်တဲ့အခါမှာ ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း အများကြီးရှိခဲ့ပါတယ်။ ကလေးတွေကိုလည်း အနုပညာအလုပ်နဲ့ ပတ်သက်လာရင်တော့ ဝါသနာပါမှ လုပ်ခိုင်းမယ်ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

" သူတို့ကို အနုပညာအမွေ ပေးဖို့ဆိုတာမျိုးတော့ မစဉ်းစားသေးပါဘူး။ သေချာတာကတော့ သူတို့ ဝါသနာပါတဲ့ အရာလေးတွေကို ပေးလုပ်ဖို့တော့ စဉ်းစားထားတာရှိတယ်။ အဲဒီအပေါ်မှာမှ ကိုယ်က ဘေးကနေပြီးတော့ ဖြစ်နိုင်မယ့် အရာလေးတွေကို ထောက်ပံ့ကူညီပေးရုံပဲ ရှိမှာပါ။ နောင်တစ်ချိန်ကျရင်တော့ ဘယ်လို လာမလဲ မပြောနိုင်သေးပါဘူး။ တူလေးရော၊ တူမလေးရော ကလေးတွေက ဉာဏ်အရမ်းကောင်းတယ်။ ကျွန်တော်တို့ထက်စာရင် အများကြီးလည်း တတ်မြောက်လွယ်တယ်။ ဖုန်းဆိုရင်လည်း ဘယ်လို သုံးရမယ် သူတို့သိတယ်။ တူလေးဆိုရင် You Tube ကို ဘယ်လို ဖွင့်ရတယ်၊ ဂိမ်းဘယ်လို ဆော့ရတယ် ဘယ်သူ့ကိုမှ မမေးပဲနဲ့ သူ သိတယ်၊ ဆော့တယ်။ မှားနေရင် သူ လာမေးတယ်။ ဘယ်လိုမျိုးကတော့ မလုပ်ရဘူး ဆိုတာ ပြောပြလိုက်ရင် သူသိတော့ ကိုယ့်ဘာသာကိုယ် စူးစမ်းချင်စိတ်ရှိတာ ကောင်းပါတယ်" လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

Photo: Tyron

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။



Share

Loading Next Article...
က္က