လီယွန်နယ် မက်ဆီဟာ လီဂူးဝမ်းပွဲစဉ်အဖြစ် စနေနေ့ညက တူးလုစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း အံ့အားသင့်ဖွယ် ပြန်လာနိုင်စေမယ့် ထူးခြားဆန်းကြယ်တဲ့သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။
တူးလုစ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ သွင်းဂိုးဟာ ယခုရာသီ လီဂူးဝမ်းမှာ ၁၀ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘရန်ကို ဗန်ဒန် ဘူးမန်းက ဧည့်သည်တွေအတွက် ပွဲကစားချိန် မိနစ် ၂၀ မှာ အံ့အားသင့်ဖွယ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဟာကီမီက ၃၈ မိနစ်မှာ ကားလို့စ် ဆိုလာရဲ့ ဖန်တီးပေးပို့မှုကနေ ပီအက်စ်ဂျီအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ၅၈ မိနစ်မှာ လီယွန်နယ် မက်ဆီက ပင်နယ်တီဧရိယာအပြင်ဘက်ကနေ လှပသေသပ်တဲ့ ကန်ချက်နဲ့ ဂိုးပေါက်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ဟာကီမီက ပင်နယ်တီဧရိယာအစွန်ကနေ ဘီးကုပ်စက်ဝိုင်းနားကို ချိုးဝင်လာရာမှာ ရှေ့ထွက်လာတဲ့ ဘောလုံးကို အာဂျင်တီးနားတိုက်စစ်မှူးက ကန်သွင်းနေကျပုံစံအတိုင်း ဘယ်ခြေနဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ကို ဝိုက်ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ လက်ရှိမှာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ သွင်းဂိုး ၃၉ ဂိုး သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး မန်စီးတီးကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားက သွင်းဂိုး ၁၉ ဂိုးနဲ့ ဒုတိယနေရာက ရပ်တည်နေတာဖြစ်ပါတယ်။