အီတလီနိုင်ငံ တူရင်မြို့မှာ လူဦးရေ ၁၀,၀၀၀ ကျော်ကို ရွှေ့ပြောင်းစေခဲ့ပြီး ကျွမ်းကျင်သူတွေက မပေါက်ကွဲသေးတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးကြီးတစ်လုံးကို အသက်မဲ့စေရန် လုပ်ဆောင်ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။
(Photo: @TorinoNews24/Twitter)
ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်) က စစ်လက်ကျန်ဗုံးကို မရှင်းလင်းမီ ဗုံးတွေ့ရှိရာ တူရင်မြို့လယ်မှာ အနီရောင်ဇုန်သတ်မှတ်ပြီး မြို့ခံတွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင် အနီရောင်ဇုန်နဲ့ ဝေးကွာတဲ့နေရာရှိ နောက်ထပ် လူဦးရေ ၅၀,၀၀၀ ကိုလည်း ကြိုတင်ပြင်ဆင်မှုအဖြစ် ၎င်းတို့နေအိမ်များမှ ထွက်ခွာကြရန် သို့မဟုတ် ဗုံးရှင်းလင်းနေစဥ် နေအိမ်အတွင်းမှာသာ နေထိုင်ကြရန် အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။
(Photo: @c_appendino/Twitter)
တူရင်မြို့မှာတွေ့ရှိရပြီးနောက် ရှင်းလင်းခဲ့တဲ့ ဗုံးဟာ ဒုတိယကမ္ဘာစစ်အတွင်း ထိုမြို့ပေါ်သို့ ကြဲချခဲ့တဲ့ ဗြိတိန်လုပ်ဗုံးဖြစ်ပြီး အလေးချိန် ပေါင် ၁၄၀ ရှိကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ယမန်နေ့က ဗုံးရှင်းလင်းတဲ့ လုပ်ငန်းစဥ်ဟာ မူလခန့်မှန်းထားမှုထက် ပိုမိုလျင်မြန်စွာဖြင့် ပြီးမြောက်ခဲ့ပြီး မြို့ခံများ နေအိမ်ပြန်နိုင်ခဲ့ကြကြောင်း ဒေသခံမီဒီယာက မွန်းလွဲပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
(Photo: @StampaTorino/Twitter)
ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို ရှင်းလင်းနေစဥ် တူရင်မြို့ပေါ်ရှိ လေပိုင်နက်ကို ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့ပါတယ်။ ယခုနှစ် အစောပိုင်းကလည်း ဂျာမနီနိုင်ငံမှာ ဒုတိယကမ္ဘာစစ်လက်ကျန် မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို ထိန်းချုပ်ဖောက်ခွဲခဲ့ရပြီး လူဦးရေ ၄၅,၀၀၀ ကို ရွှေ့ပြောင်းစေခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။