လွန်ခဲ့သော နှစ်ပေါင်း ၂၀ က တစ်နှစ်တည်း ဆုဖလား ၃ ခု ဆွတ်ခူးနိုင်ခဲ့တဲ့ မန်ယူအသင်းကို ဂုဏ်ပြုရေးသား တင်ဆက်လိုက်ပါတယ်။
၁၉၉၉ ခုနှစ်တုန်းက မန်ယူအသင်းဟာ နည်းပြ ဖာဂူဆန်ရဲ့ ဦးဆောင်မှုနဲ့အတူ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို တစ်ရာသီတည်းမှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခု သတင်းဆောင်းပါးမှာတော့ နူးကမ့်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားစဉ် ပွဲထုတ်ခဲ့တဲ့ ကစားသမားတွေ အခုချိန် ဘယ်နေရာတွေမှာ ဘယ်လို ရှင်သန်နေကြလဲဆိုတာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ပီတာ ရှမိုက်ကယ်
ရှမိုက်ကယ်က အဲ့ဒီနှစ်တစ်နှစ်လုံး မန်ယူအတွက် ၅၆ ပွဲတိတိ ပါဝင်ကစားပေးခဲ့ပြီး အမှတ်ရစရာ ပွဲကတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပြန်ကန်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ကစားသမား ဘားကမ့်ရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့နောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း အသင်းခေါင်း ဆောင် ရွိုင်ကိန်းမပါဝင်နိုင်ချိန် အသင်းခေါင်းဆောင် လက်ပတ်ကို လွှဲပြောင်းရယူကစားခဲ့သူ ဖြစ်ပါတယ်။ အခုတော့ တီဗွီအစီအစဉ်မှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် လုပ်ကိုင်နေတယ်လို့သိရပါတယ်။
ဂယ်ရီနဗီးလ်
တစ်ရာသီလုံးအသင်းအတွက် ၅၄ ပွဲကစားပေးခဲ့ပြီး အဲ့ဒီတုန်းက အင်္ဂလန်ကစားဖော် ဘက်ခမ်းနဲ့ အတွဲညီညီ ညာတောင်ပံတစ်လျှောက် တိုက်စစ်ထိ လိုက်ပါကစားပေးနိုင်ခဲ့သူပါ။
၁၉၉၉ နောက်ပိုင်း ၁၂ နှစ်အကြာမှာတော့ မန်ယူမှာပဲ ကစားသမားဘဝကို အနားယူခဲ့သူ ဖြစ်ပါတယ်။ အခုတောာ့ Sky Sports သတင်းအစီအစဉ်ဌာနမှာ အားကစားသုံးသပ်သူအဖြစ် လုပ်ကိုင်ဆောင်ရွက်နေပါတယ်။
ရွန်နီဂျွန်ဆန်
ဂျူဗင်တပ်အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့စဉ် ဂျက်စတန်းနဲ့အတူ မန်ယူအသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံး စွမ်းဆောင်ပြခဲ့သူပေါ့၊ ၂၀၀၂ မှာမန်ယူက ထွက်ပြီး ၂၀၀၈ မှာတော့ ကစားသမားဘ၀ အနားယူခဲ့ပါတယ်။
အခုတော့ နော်ဝေးလ်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ TV2 မှာ အားကစားသုံးသပ်သူအဖြစ် လုပ်ကိုင်နေသလို မန်ယူအသင်းရဲ့ သံတမန်တစ်ဦးအဖြစ်လည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဂျက်စတန်း
အဲ့ဒီနှစ်မတိုင်ခင် နွေရာသီကမှ စတန်းက ပြောင်းရွှေ့ကြေးအမြင့်မားဆုံး နောက်ခံလူအဖြစ် အဲ့ဒီခေတ်အခါက ပေါင် ၁၀.၆ သန်နဲ့ မန်ယူကို ရောက်ရှိခဲ့သူပါ။
၂၀၀၁ မှာတော့ လာဇီယိုကို ရောင်းထုတ်ခြင်းခံခဲ့ရပါတယ်။ လက်ရှိမှာတော့ ချန်ပီယံရှစ်ကလပ် ရီးဒင်းအသင်းကို နည်းပြ လုပ်နေပါတယ်။
ဒင်းနစ်အာဝင်
မန်ယူအသင်းနဲ့ဖြတ်သန်းခဲ့တဲ့ ၁၂ နှစ်တာမှာ ပွဲပေါင်း ၅၂၉ ပွဲကစားပြီး ဆုဖလားပေါင်း ၁၉ ဆုကို သိမ်းပိုက်နိုင် ခဲ့သူပါ။ အခုတော့ မန်ယူတီဗွီမှာ သတင်းကြေညာသူ အဖြစ် လုပ်ကိုင်နေသလို ရံဖန်ရံခါမှာလည်း အိုင်းရစ်နက်ခ်ဝေါ့မှာ ဘောလုံးသုံးသပ်သူ လုပ်နေပါတယ်။
ရွိုင်ယန်ဂစ်
မန်ယူအသင်းနဲ့အတူ ၉၆၃ ပွဲမှာ ၁၆၈ ဂိုးအထိသွင်းယူပေးခဲ့တဲ့ မှော်ဆရာလို့တင်စားကြတဲ့ ဘယ်တောင်ပံ ကစားသမားပါ။ အသင်းမှာ ၂၄ နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၄ မှာတော့ မန်ယူအသင်းမှာပဲ ကစားသမားဘဝကနေ အနားယူခဲ့သူပါ။
အဲဒီနောက် မန်ယူနည်းပြဖြစ်လာတဲ့ ဗန်ဟားရဲ့ညာလက်ထောက် အဖြစ် ၂ နှစ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၈ ဇန်နဝါရီမှာတော့ ဝေးလ်လက်ရွေးစင်နည်းပြ ဖြစ်လာခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်း
ဖရီးကစ်တစ်ပေါက် လျှမ်းလျှမ်းတောက်ခဲ့တဲ့သူပေါ့၊ စပါးနဲ့ ကစားခဲ့တဲ့ ပွဲမှာ ပရီးမီးယားလိဂ်ဖလားရဖို့ အရေးပါ တဲ့ဂိုးကိုသွင်းပေးခဲ့သလို နူးကမ့်မှာ ဘိုင်ယန်နဲ့ ကစားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ထောင့်ကန်ဘော ကနေ အသင်းအတွက် များစွာ အထောက်အပံ့ ဖြစ်စေခဲ့သူပါ။ ၂၀၁၃ မှာ ကစားသမားဘဝကို အနားယူခဲ့တဲ့ ဘက်ခမ်းကတော့ အမေရိကန်မေဂျာလိဂ်မှာ မီယာမီဆိုတဲ့ ကလပ်အသင်းတစ်သင်းကို ပိုင်ဆိုင်ထားပါပြီ။
နစ်ကီဘတ်
ဖလားသုံးလုံးရတဲ့ နှစ်က အသင်းအတွက် ၄၇ ပွဲ ပါဝင်နိုင်ခဲ့ပါတယ်။ ၂၀၀၄ မှာ မန်ယူကနေ နယူးကာဆယ်ကို ပြောင်းခဲ့ပါတယ်။ ဒါပေမယ့်အခုတော့ မန်ယူအသင်းမှာ အားကစားဒါရိုက်တာအနေနဲ့ ပြန်လာနိုင်ခဲ့ပါပြီ။
ဂျက်စပါဘလွန်းဗစ်
ဆွီဒင်တောင်ပံ ကစားသမားကတော့ ကစားသမားဘဝက အနားယူစတုန်းက ဆွီဒင်နိုင်ငံ ရုပ်သံတွေမှာ အားကစားသုံးသပ်သူအဖြစ် လုပ်ကိုင်ပါသေးတယ်။ ဒါပေမယ့်အခုတော့ စတော့ဟုမ်းမြို့က လင်ဒီဂွန်ကျွန်းမှာ ပီဇာ စားသောက်ဆိုင်ပိုင်ရှင်အဖြစ် အသက်မွေးနေပါတယ်။
ဒရွိုက်ယော့ခ်
ဖလားသုံးလုံးရမယ့် ရာသီမစခင်ကမှ ဗီလာအသင်းကနေ ပေါင် ၁၂.၆ သန်းနဲ့ ခေါ်ယူခဲ့သူပါ။ ၂၀၀၉ မှာကစား သမားဘဝက အနားယူခဲ့ပါတယ်။ အခုတော့ Sky Sports ရုပ်သံရဲ့ အားကစားသုံးသပ်သူတစ်ဦးပါ။ အဲ့ဒါမတိုင်ခင်ကတော့ ထနီဒက်အန်တိုဘာဂိုအသင်းမှာ လက်ထောက်နည်းပြအဖြစ် ၂၀၀၉ ကနေ ၂၀၁၀ အထိ သွား ရောက်တာဝန်ယူခဲ့ဖူးပါသေးတယ်။
အန်ဒရီကိုးလ်
အဲ့ဒီခေတ်တုန်းက ဒရွိုက်ယော့ခ်နဲ့ အန်ဒရီကိုးလ်အတွဲက အတော်လေး နာမည်ကြီးခဲ့တာပေါ့။ ဒါပေမယ့် ကိုးလ်က ၂၀၀၂ မှာ မန်ယူက ထွက်ခဲ့ချိန်မှာတောာ့ ၁၂၁ ဂိုးအထိ သွင်းပေးခဲ့ပါတယ်။ ကစားသမား ဘဝက အနားယူပြီးတော့ ကိုးလ်က MKဒွန်း၊ ဟတ်ဒါဖီးလ်တောင်းနဲ့ ယူနိုက်တက်မှာ နည်းပြဘဝကို ဖြတ်သန်းခဲ့ပါသေးတယ်။ အခုတော့ လိဂ်တူးကလပ် မက်ကလက်စ်ဖိုင်းတောင်းအသင်းမှာ နည်းပြလုပ်နေပြီး သူ့အသင်းမှာပဲ အင်္ဂလန်ကစားဖော် ဆိုးလ်ကမ်းဘဲလ်က မန်နေဂျာလုပ်နေတာပါ။
အဲ့ဒီတုန်းက အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ သူတွေရှိပြီး အခု မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် လုပ်ကိုင်နေတဲ့ ဆိုးလ်ရှား၊ ဂယ်ရီနဗီးလ်ရဲ့ ညီဖီးလ်နဗီးလ်ကတော့ လက်ရှိမှာ အင်္ဂလန် အမျိုးသမီး လက်ရွေးစင်အသင်းကို နည်းပြနေပါတယ်။
ထိုစဉ်က ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကို လွဲချော်ခဲ့တဲ့သူ နှစ်ဦးလည်း ရှိပါသေးတယ်။ သူတို့ကတော့ ပေါလ်စခိုးလ်နဲ့ ရွိုင်ကိန်းတို့ ဖြစ်ပြီး ပေါလ်စခိုးကတော့ လိဂ်တူးကလပ် အိုလ်ဟမ်းအသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေပြီဖြစ်ကာ ပြီးခဲ့တဲ့အပတ် ပထမဆုံးပွဲမှာ နိုင်ပွဲနဲ့ စတင်ထားနိုင်သူပါ။
ရွိုင်ကိန်းကတော့ တီဗွီအစီအစဉ်တွေများစွာမှာ အား ကစားသုံးသပ်သူအဖြစ် လုပ်ကိုင်ခဲ့သလို နည်းပြအဖြစ်လည်း တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခဲ့သူပါ။ အခုတော့ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းမှ နည်းပြ မာတင်အိုလ်နေးလ်ရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်နေပါတယ်။
လက်ရှိမှာတော့ မန်ယူအသင်းရဲ့ တရားဝင် ထုတ်ပြန်ချက်အရ အဲ့ဒီတုန်းက(၁၉၉၉)ဖလားရခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၂၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်လို့ နှစ် ၂၀ ကြာ အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲ ကျင်းပမယ်လို့လည်း သိရပါတယ်။
အဲ့ဒီ အသင်းကိုတော့ အဆိုပါနှစ်တုန်းက ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဖာဂူဆန်က ပြန်လည် တာဝန်ယူကိုင်တွယ်မှာလို့ ဆိုပါတယ်။