အနေအထားတဲ့ မလျော်ညီဘဲ အလွန်ကြီးမားတဲ့ ဓနဥစ္စာတွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

တရုတ်စစ်တပ်မှ ထိပ်တန်းအကြီးအကဲနဲ့ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရုတ်အစိုးရသတင်းဌာနက ပြောပါတယ်။

(၂၀၁၇ ခုနှစ်က တရုတ်သမ္မတနဲ့အတူ တွေ့ရသည့် ဖန်ဖင်းဟူ) (Photo: AFP)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကွပ်ကဲရေးဌာနချုပ်ရဲ့ အကြီးအကဲဟောင်း ဖန်ဖင်းဟူ (Fang Fenghui) ဟာ လာဘ်ယူခဲ့မှုနဲ့ ၎င်းရဲ့အနေအထားတဲ့ မလျော်ညီဘဲ အလွန်ကြီးမားတဲ့ ဓနဥစ္စာ ချမ်းသာကြွယ်ဝမှုတွေ ပိုင်ဆိုင်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ Xinhua သတင်းက ဖော်ပြပါတယ်။



အသက် ၆၇ ခုနှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းဟာ ၂၀၁၇ ခုနှစ်အတွင်း တရုတ်သမ္မတ ရှီကျင်းပင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်မှာ အတူလိုက်ပါခဲ့သူလည်း ဖြစ်ပါတယ်။ တရုတ်မှာ သမ္မတရှီကျင်းပင်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရ အရာရှိအများအပြားကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်းလည်း သိရပါတယ်။

(ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည့် ဗိုလ်ချုပ်ကြီးဟောင်း ဖန်ဖင်းဟူ) (Photo: Reuters)

ရှီကျင်းပင်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကမ္ဘာ့အကြီးဆုံးနဲ့ လက်ရှိမှာ ခေတ်မီတိုးတက်အောင် ပြုပြင်ပြောင်းလဲနေတဲ့ တရုတ်စစ်တပ်မှာလည်း အဓိကထား လုပ်ဆာင်ခဲ့တယ်လို့ ဆိုပါတယ်။ ယခု ထောင်ဒဏ်တစ်သက် ချမှတ်ခံရတဲ့ ဖန်ဖင်းဟူဟာ ၂၀၁၇ ခုနှစ်မှာ အကြောင်းပြချက်မရှိဘဲ ၎င်းရဲ့ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အစိုးရက ၎င်းကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း အတည်ပြုခဲ့ပါတယ်။ ဖန်ဖင်းဟူဟာ တရုတ်မှာ သြဇာကြီးမားတဲ့ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးနေစဉ် ၂၀၁၇ ခုနှစ်အတွင်း သေဆုံးခဲ့တဲ့ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် Zhang Yang နဲ့ ဖန်ဖင်းဟူတို့ဟာလည်း နီးကပ်တဲ့ ဆက်ဆံရေးရှိကြတယ်လို့ သိရပါတယ်။

(၂၀၁၇ ခုနှစ်က အမေရိကန်အစိုးရနဲ့ အစည်းအဝေးမှာ တွေ့ရသည့် ဖန်ဖင်းဟူ) (Photo: AFP)

ဖန်ဖင်းဟူကို စစ်ခုံရုံးမှာ ကြားနာစစ်ဆေးမှုမပြုမီ ယမန်နှစ်အတွင်း ကွန်မြူနစ်ပါတီကနေလည်း ထုတ်ပယ်ခဲ့ပါတယ်။ ဖန်ဖင်းဟူရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း Xinhua က ပြောခဲ့ပေမဲ့ ငွေပမာဏ မည်မျှဖြစ်ကြောင်းကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

ယခု အမှုကိစ္စနဲ့ပတ်သက်ပြီ ဗိုလ်ချုပ်ကြီးဟောင်း ဖန်ဖင်းဟူဟာ ရှေ့နေငှားရမ်းခွင့် ရခဲ့ခြင်းရှိ မရှိ ရှင်းလင်းစွာ မသိရဘူးလို့ Reuters သတင်းက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၁၂ ခုနှစ်က သမ္မတရှီကျင်းပင် အာဏာရလာခဲ့ပြီးနောက် စတင်ခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုအရ အရာရှိပေါင်း တစ်သန်းကျော်ကို အပြစ်ပေးခဲ့ကြောင်းလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။

(အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ချခံရသည့် ထိပ်တန်းအရာရှိကြီးအချို့) (Souce: Getty, Infographic: BBC)

၎င်းတို့အနက် ဗဟိုစစ်ကော်မရှင်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြတဲ့ Xu Caihou နဲ့ Guo Boxiong တို့လည်း ပါဝင်ခဲ့ပါတယ်။ Xu Caihou ဟာ တရားရုံးကြာနားစစ်ဆေးမှု မတိုင်မီ ကင်ဆာရောဂါဖြင့် ၂၀၁၅ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ Guo Boxiong ကိုတော့ လာဘ်ယူမှုဖြင့် ၂၀၁၆ ခုနှစ်မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က