တရားမဝင်ဂိတ်ကနေပဲ တင်ပို့ရတဲ့ ဆန်၊ပြောင်း အစရှိတဲ့ စားသောက်ကုန်တွေကလွဲလို့ ကျန် စိုက်ပျိုးသီးနှံနဲ့ရေထွက်ကုန်တွေအားလုံးကိုတော့ တရားဝင်ဂိတ်တွေကနေ တင်ပို့နေကြပါတယ်။
တရုတ်-မြန်မာ တရားဝင် ကုန်စည်ဂိတ်တွေမှာ ယာဥ်မောင်း ရှန်တိန်စနစ်နဲ့ ကုန်သွယ်နေတာ ၂လခန့်ရှိနေပြီး ကုန်စည်စီးဆင်းမှု အဆင်ပြေနေတယ်လို့ ရှမ်းပြည်နယ်မူဆယ်မြို့ အလုပ်သမားနဲ့ တောင်သူ လယ်သမားရေးရာ ကော်မ တီ ဥက္ကဌ ဒေါ်စန်းစန်းထွေးက Duwun ကို ပြောပါတယ်။ တရုတ်ဘက်က တရားမဝင် ကုန်စည် စီးဆင်းမှုကိုသာ ပိတ်ခဲ့တာ ဖြစ်ပြီး တရားဝင်ဂိတ်တွေကနေတော့ ကုန်စည် စီးဆင်းမှု ရှိနေဆဲ ဖြစ်ပါတယ်။
“တရားမဝင် ဂိတ်တွေက အဝင်တွေကိုသာ ပိတ်လိုက်တာ ဖြစ်ပါတယ်။ဒါကြောင့် တရုတ်ဘက်ကို တရားဝင် တင်ပို့ ခွင့်မရသေးတဲ့ ပြောင်းတို့ဆန်တို့ကတော့ တင်ပို့လို့ မရသေးတာပါ။အခြား ကြံ၊သရက် အစရှိတဲ့ သီးနှံတွေနဲ့ ရေထွက် ကုန်တွေအားလုံးတော့ တရားဝင်ဂိတ်တွေကတဆင့် တင်ပို့နေကြတာ ဧပြီလ လောက်ကတည်းကပါ။”လို့ ဒေါ်စန်း စန်းထွေးက ပြောပါတယ်။
ကုန်စည် ကူးသန်းရောင်းဝယ်ရာမှာ နယ်စပ်ဂိတ်ကိုရောက်တာနဲ့ မြန်မာဘက်က မောင်းနှင်လာတဲ့ ယာဥ်မောင်း တွေ က ကားပေါ်က ဆင်းပေးရပြီး ကားကို တရုတ်ဘက်က အသင့်စောင့်နေတဲ့ ယာဥ်မောင်းတွေက တရုတ်ပြည် ထဲကို ဆက်လက် မောင်းနှင်ပြီး ကိုဗစ်ကာကွယ်ရေးတွေ လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။ တရားမဝင်ဂိတ်တွေကနေလည်း တင်ပို့ခွင့်ကိုတော့ ဒီနေ့အချိန်ထိ ဆွေးနွေးလို့မရသေးတာကြောင့် ဆန်နဲ့ပြောင်း အစရှိတဲ့ တရားမဝင်ဂိတ်ကတဆင့် တင်ပို့နေရတဲ့ စားသောက်ကုန်တွေကတော့ တင်ပို့ခွင့်မရေးသေးတာပါ။
ကိုဗစ်ကာလမှာ မူဆယ်ဘက်ကနေ တရုတ်ဘက်ကို စိုက်ပျိုးသီးနှံတင်ပို့မှု အပိတ်ခံခဲ့ရတာကြောင့် ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၃ ဘီလီယံလောက် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ရှမ်းပြည်နယ် မူဆယ်မြို့ အလုပ်သမားနဲ့ တောင်သူ လယ်သမားရေးရာ ကော်မတီ ဥက္ကဌ ဒေါ်စန်းစန်းထွေး သုံးသပ်ပြောပါသေးတယ်။
“စိုက်ပျိုးသီးနှံတွေ တင်ပို့ခွင့်မရလို့ ဆုံးရှုံးနစ်နာခဲ့တဲ့တောင်သူတွေကို ကူညီပေးနိုင်ဖို့ အနေအထားမရှိသေး ပေမယ့် နောက်ထပ် ကုန်ပစ္စည်းတွေ အဆင်ပြေချောမောစွာ တင်ပို့နိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက် ပေးသွားဖို့ပဲ လုပ် ဆောင်ပေးနေပါတယ်။ သီးနှံတွေ ဒီကာလမှာ တင်ပို့ခွင့် ဆုံးရှုံးခဲ့လို့ ခန့်မှန်း ခြေ မြန်မာကျပ်ငွေဆိုရင် ၃ဘီလီယံ လောက်တော့ နစ်နာခဲ့ပါတယ်။”လို့ ဒေါ်စန်းစန်းထွေးက ပြောပါတယ်။
ပြောင်းကုန်သည်တွေကတော့ ပြောင်းတွေ တင်ပို့ခွင့်ပိတ်ခံလိုက်ရလို့ တင်ပို့ဖို့ အဆင့်သင့်ရှိနေတဲ့ ပြောင်းတွေကို အချို့က ရွှေလီမြစ်ထဲသွန်ပစ်တာတွေ လုပ်ကြသလို အချို့ကလည်း မူဆယ်မြို့က စားသုံးလိုသူတွေကို အခမဲ့ ဝေပေး လိုက်တာတွေလည်း ရှိတယ်လို့သိရပါတယ်။