တရုတ်အစိုးရ မူလတန်းနဲ့ အလယ်တန်းကျောင်းများ အားလုံးမှာ ကျောင်းသုံးပြဌာန်းစာအုပ်နဲ့ ရသစာပေ ဝတ္ထုရှည်များ အပါအဝင် နိုင်ငံခြား သင်ထောက်ကူပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
(တရုတ်သမ္မတ ရှီကျင်းပင်) (Photo: Getty Images)
ယခုလုပ်ရပ်ဟာ တရုတ်အစိုးရက နိုင်ငံတစ်ဝှမ်းမှ ကျောင်းသူကျောင်းသားတွေရဲ့ သဘောတရားရေးရာပိုင်းဆိုင်ရာ အတွေးအမြင်ကို ပိုမိုတင်းကျပ် ထိန်းချုပ်ရန်ကြိုးပမ်းမှုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ တရုတ်ပညာရေးဝန်ကြီးဌာနက အင်္ဂါနေ့ (ဇန်နဝါရီ ၇ ရက်) မှာ ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်အရ အစိုးရမူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေရဲ့ စာသင်ခန်းတွေဟာ မာတ်စ်ဝါဒ အခြေခံသဘောတရားတွေကို သိရှိစေနိုင်ပြီး တရုတ်ဟန်ပန်ကို ထင်ဟင်တဲ့ သင်ကြားရေး အထောက်အကူပြုပစ္စည်းတွေကို အသုံးပြုရမယ်လို့ ဆိုပါတယ်။
(Photo: AsiaNews)
"မူလတန်းနဲ့ အလယ်တန်းကျောင်းအားလုံးရဲ့ သင်ကြားရေး အထောက်အကူပစ္စည်းတွေက ပါတီနဲ့ နိုင်ငံရဲ့ သဘောထားကို ထင်ဟပ်ရပါမယ်၊ ဒါမှသာ ကျောင်းသူကျောင်းသားတွေက တရုတ်လူမျိုး နိုင်ငံတော်ရဲ့ မျိုးဆက်သစ်တွေဖြစ်ဖို့ မှတ်သားခံယူကြမှာ ဖြစ်ပါတယ်" လို့ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံခြားပညာရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားတဲ့ အဆင့်မြင့်ကျောင်းတွေကသာ ယခုညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ချွင်းချက်ထားပေးရန် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
တရုတ်အစိုးရကျောင်းတွေရဲ့ သင်ထောက်ကူပစ္စည်းများ အားလုံးကို ပြန်လည်သုံးသပ်တဲ့ စနစ်ကိုလည်း ပိုမိုတင်းကျပ်သွားမှာဖြစ်ပြီး နိုင်ငံရေးဦးတည်ချက် သို့မဟုတ် အလေးပေးမှု အကြောင်းအရာဆိုင်ရာ ပြဿနာများ ပါဝင်နေပါက ခွင့်ပြုမှာမဟုတ်ကြောင်း သိရပါတယ်။
"ကျွန်တော်တို့ရဲ့ နောက်ထပ်ခြေလှမ်းက တရုတ်အတွေးအမြင် ပညာရေးကို စနစ်တကျဖြစ်စေဖို့ပါ၊ ပြီးတော့ မတ်စ်ဝါဒ အယူအဆတွေကို လေ့လာသိရှိဖို့အတွက် သင်ကြားရေး အထောက်အကူပစ္စည်းတွေ တည်ဆောက်ရေးမြှင့်တင်ဖို့ ဖြစ်ပါတယ်" လို့ ကျောင်းသုံးပြဌာန်းစာအုပ်ကော်မတီ (National Textbook Committee) မှ ပြောခွင့်ရအမျိုးသားက People's Daily သတင်းစာကို ပြောပါတယ်။