တရုတ်အစိုးရရုံးတွေနဲ့ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးမှာ သုံးနှစ်အတွင်း တစ်ခြားတိုင်းပြည်တွေက ထုတ်လုပ်တဲ့ ကွန်ပျူတာပစ္စည်းအစိတ်အပိုင်းတွေနဲ့ ဆော့ဖ်ဝဲလ်တွေ အသုံးပြုမှု ရပ်ဆိုင်းဖို့ ဘေဂျင်းအာဏာပိုင်တွေက အမိန့်တစ်ရပ် ထုတ်ပြန်ထားပါတယ်။
HP ၊ Dell နဲ့ Microsoft တို့လို ကွန်ပျူတာကုမ္ပဏီတွေအတွက် အဓိက ထိုးနှက်ချက်ဖြစ်လာမယ့် ဒီညွှန်ကြားချက်ဟာ တရုတ်အစိုးရအဖွဲ့အစည်းတွေအတွက် ကွန်မြူနစ်ပါတီကနေ ချမှတ်တဲ့ ရာခိုင်နှုန်းအခြေခံ ၃-၅-၂ မူဝါဒလို့လည်း ခေါ်ပါတယ်။ ဒီညွှန်ကြားချက် အသက်ဝင်မယ့် ပထမဆုံးနှစ် ၂၀၂၀ ပြည့်မှာ တရုတ်အစိုးရအဖွဲ့အစည်းတွေမှာ သုံးနေတဲ့ နိုင်ငံခြားဖြစ် hardware နဲ့ ဆော့ဖ်ဝဲလ်ထုတ်ကုန်တွေရဲ့ ၃၀% ကို အစားထိုးသွားမှာပါ။
Photo: fxstreet
၂၀၂၁ မှာ ၅၀ % နဲ့ ၂၀၂၂ မှာ ၂၀% သတ်မှတ်ပြီး အစားထိုးလဲလှယ်သွားမယ့် အစီအစဉ် ဖြစ်တယ်လို့ ZDNet သတင်းက ဖော်ပြထားပါတယ်။ အစိုးရရုံးတွေနဲ့ ချိတ်ဆက်အလုပ်လုပ်နေတဲ့ ပုဂ္ဂလိက ဆိုက်ဘာလုံခြုံရေးလုပ်ငန်းတစ်ခုက ဝန်ထမ်းတွေကလည်း ဒီမူဝါဒသစ်ကို သိထားတယ်လို့ Financial Times က အတည်ပြုထားပါတယ်။
ဒီညွှန်ကြားချက်ဟာ နိုင်ငံခြားဖြစ် ထုတ်ကုန်နဲ့ ဆော့ဖ်ဝဲလ်တွေ သုံးနေတဲ့ ပုဂ္ဂလိကပိုင် တရုတ်လုပ်ငန်းတွေအပေါ်တော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ နိုင်ငံခြားထုတ် ဆော့ဖ်ဝဲလ်နဲ့ hardware ထုတ်ကုန်တွေကို ပုဂ္ဂလိက ကုန်စည်တွေနဲ့ အစားထိုးဖို့ဟာ ကုန်ကျစရိတ်မြင့်မားနေမှာပါ။
Photo: tweaktown
တရုတ်အစိုးရဟာ တရုတ်ကွန်ပျူတာကုမ္ပဏီတစ်ခုဖြစ်တဲ့ Lenovo ဆီက desktop ကွန်ပျူတာတွေနဲ့ အစားထိုးသွားဖို့ ရှိပေမယ့် ကွန်ပျူတာပစ္စည်းအစိတ်အပိုင်းတွေဖြစ်တဲ့ processor chips တွေနဲ့ hard drives တွေကတော့ အမေရိကန်ကုမ္ပဏီတွေက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သုံးနှစ်အတွင်း ပြည်ပထုတ်ကုန်တွေနဲ့ ဆော့ဖ်ဝဲလ်တွေကို အစားထိုးသွားဖို့ ဆိုတာ စိန်ခေါ်မှုတစ်ခု အဖြစ် ရှိနေနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်အစိုးရဟာ Windows နေရာမှာ အစားထိုးဖို့ ကိုယ်ပိုင် Operating System တစ်ခု ဖန်တီးဖို့ စစ်တပ်ကို ညွှန်ကြားထားပါတယ်။ ကိုယ်ပိုင် OS တစ်ခု တည်ဆောက်စေခြင်းဟာ စစ်တပ်ကွန်ရက်တွေထဲမှာ အမေရိကန်ဘက်က ဆိုက်ဘာတိုက်ခိုက်မှုနဲ့ လျှို့ဝှက် backdoors တွေ ထည့်မှာကို စိုးရိမ်တာကြောင့်လည်း ဖြစ်ပါတယ်။