ဘေဂျင်းမြို့တော်မှာလည်း ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုတွေ စစ်ဆေးတွေ့ရှိလာပါတယ်။

တရုတ်နိုင်ငံမှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုကြောင့် တတိယမြောက် သေဆုံးမှုရှိလာခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိုဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားသူ နောက်ထပ် ၁၃၆ ဦး စစ်ဆေးတွေ့ရှိခဲ့ရကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။

(Photo: Noel Celis/AFP)

တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်မှု စတင်တွေ့ရှိခဲ့ရတဲ့ အဆိုပါ ဗိုင်းရပ်စ်အသစ်ကို အမျိုးအမည်ခွဲခြား သတ်မှတ်ပြီး သိရှိနားလည်နိုင်ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ ပဟေဠိဆန်တဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူဦးရေဟာ တရုတ်အစိုးရက တရားဝင်ထုတ်ပြန်ထားမှုထက် သိသာစွာ ပိုမိုများပြားဖွယ်ရှိကြောင်းလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗြိတိန်အခြေစိုက် သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။



(Photo: AFP)

တရုတ်အစိုးရက ယနေ့ (ဇန်နဝါရီ ၂၀ ရက်) အတည်ပြုလိုက်တဲ့ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူဦးရေဟာ ယခင် ထုတ်ပြန်ထားခဲ့တဲ့ ၅၉ ဦးထက် သိသာစွာမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ထို့အတူ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကို ဘေးဂျင်းမြို့တော်၊ ရှန်ဟိုင်းမြို့နဲ့ ဂွမ်ဒေါင်းပြည်နယ် (Guangdong) တွေမှာလည်း စစ်ဆေးတွေ့ရှိရကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

‌ဘေဂျင်းမြို့ ဒါဇင်းအရပ်ရှိ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်မှုအရ ဝူဟန်မြို့ကို သွားရောက်ခဲ့သူနှစ်ဦးဟာ ဗိုင်းရပ်စ်အသစ်နဲ့ ဆက်နွယ်တဲ့ အဆုတ်ရောင်ရောဂါ (pneumonia) ခံစားနေရတာကြောင့် ကုသမှုခံယူနေရပြီး အခြေအနေ တည်ငြိမ်ကြောင်း သိရပါတယ်။ ဘေဂျင်းမှာ လက်ရှိအချိန်အထိ ထိုဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ ငါးဦးရှိလာပါတယ်။

(Photo: Simon Song)

ရှန်ဟိုင်းမြို့မှာလည်း ဗိုင်းရပ်စ်အသစ်ကူးစက်ခံရသူ တစ်ဦးကို ယနေ့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ထို့အတူ ဂွမ်ဒေါင်းပြည်နယ်မှာလည်း ရှန်ကျန်းမြို့မှ တစ်ဦးအပါအဝင် လူ ၁၅ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ "လက်ရှိဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ ကာကွယ်နိုင်ဆဲဖြစ်ပြီး ထိန်းချုပ်ရနိုင်ကြောင်း ကျွမ်းကျင်သူတွေက ယုံကြည်ထားပါတယ်" လို့ ဂွမ်ဒေါင်းပြည်နယ် ကျန်းမာရေးကော်မရှင်က ပြောပါတယ်။

ထိုအတောအတွင်း တရုတ်အရှေ့ပိုင်း ဇီဂျီအန်းပြည်နယ် (Zhejiang) မှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာဖြစ်နေတဲ့ လူနာငါးဦးကို သီးသန့်ခွဲထားပြီး စောင့်ကြည့်နေကြောင်း၊ သို့သော် လက်ရှိအချိန်အထိ ဝူဟန်မှာတွေ့ရတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရခြင်းဖြစ်ကြောင်း အတည်မပြုနိုင်သေးပါဘူး။ ဇီဂျီအန်းမှ လူနာငါးဦးဟာ အခြေအနေ တည်ငြိမ်မှုရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

(Photo: AFP)

ဗိုင်းရပ်စ်အသစ် စတင်တွေ့ရှိခဲ့ရတဲ့ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁၃၆ ဦးရှိပြီး အသက် ၂၅ နှစ်နဲ့ ၈၉ နှစ်ကြားအရွယ် အမျိုးသား ၆၆ ဦးနဲ့ အမျိုးသမီး ၇၀ ဦးဖြစ်ကြောင်း စစ်ဆေးအတည်ပြုခဲ့ပါတယ်။ ဝူဟန်မှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရပြီး သေဆုံးသူ သုံးဦးအထိ ရှိလာခဲ့ပါတယ်။

အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူတွေဟာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် ရင်ကျပ်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ အပါအဝင် ရောဂါလက္ခဏာတွေ ခံစားရနိုင်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်း ဝူဟန်မှာတွေ့ရတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ ၂၁၈ ဦး ကျော် စစ်ဆေးတွေ့ရှိထားကြောင်း အာဏာပိုင်တွေက အတည်ပြု ထုတ်ပြန်ထားပါတယ်။ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၇၀ ဟာ ဆေးရုံတက်နေရဆဲဖြစ်ပြီး ၎င်းတို့အနက် ကိုးဦးက စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။

(Photo: AFP)

ပြီးခဲ့တဲ့ ဒီဇင်ဘာအတွင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်အသစ်ဟာ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၁၄ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ အမျိုးအမည် မသိနိုင်သေးတဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်စုဝင် အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ဟာ မိသားစုဝင်များကြား ကူးစက်ပျံ့နှံ့နိုင်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း ပြောထားပါတယ်။

လက်ရှိအချိန်အထိ တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ တွေ့ရှိရမှုအဖြစ် ထိုင်းနိုင်ငံမှာ နှစ်ဦး၊ ဂျပန်မှာ တစ်ဦးနဲ့ တောင်ကိုရီးယားမှာ တစ်ဦးဖြစ်ပါတယ်။ ယခုရက်ပိုင်း တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံသားများ ခရီးသွားလာမှု မြင့်တက်လာမှာဖြစ်ရာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်မှုအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

(Photo: AFP)

ဝူဟန်မှာ ကူးစက်ပျံ့နှံ့နေတဲ့ အဆိုပါ ဗိုင်းရပ်စ်အသစ်ဟာ ကမ္ဘာတစ်ဝှမ်း စိုးရိမ်ပူပန်ခဲ့ကြရဖူးတဲ့ SARS ရောဂါဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်အုပ်စုမှ အသစ်ပေါ်ပေါက်လာတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တယ်လို့ WHO က ပြောထားခဲ့ပါတယ်။ ၂၀၀၂-၀၃ ခုနှစ်ကာလက တရုတ်မှာ စတင်တွေ့ရှိခဲ့တဲ့ SARS ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Source: AFP, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က