ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက အမည်တစ်ခု ရည်ညွှန်းသတ်မှတ်ထားပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က စတင်တွေ့ရှိခဲ့ရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အမည်တစ်ခု ရည်ညွှန်းသတ်မှတ်ထားပါတယ်။

(ဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိရတဲ့ ဝူဟန်မြို့ မြင်ကွင်းတစ်ခု) (Photo: AFP)

WHO က တရုတ်မှာ ကူးစက်ပျံ့နှံ့မှုတွေဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်အသစ်ကို Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ထားပြီး တိရိစ္ဆာန်ဟာ ဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ် ဖြစ်နိုင်ခြေအများဆုံးလို့ ဆိုပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ အနီးကပ် ထိတွေ့နေထိုင်သူတွေကြား လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုရှိကြောင်း WHO ပြောထားပါတယ်။



တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်အဖွဲ့ကလည်း ယခုဗိုင်းရပ်စ်ဟာ လူတစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ထိုနေ့အထိ ဘေဂျင်းမြို့တော်၊ ရှန်ဟိုင်းမြို့၊ ဝူဟန်မြို့နဲ့ ဂွမ်ဒေါင်းပြည်နယ်တို့ အပါအဝင် တရုတ်နိုင်ငံတစ်ဝှမ်း 2019-nCoV ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၂၁၈ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

(WHO က ထုတ်ပြန်ထားမှု) (Photo: WHO/Twitter)

လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရပြီး အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသူအရေအတွက် သုံးဦးရှိခဲ့ပါတယ်။ တရုတ်ပြင်ပမှာလည်း 2019-nCoV ဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိလာရပြီး ထိုင်းမှာ နှစ်ဦး၊ ဂျပန်မှာ တစ်ဦးနဲ့ တောင်ကိုရီးယားမှာ တစ်ဦးဖြစ်ပါတယ်။ 2019-nCoV ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး WHO နဲ့ တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

  • WHO က ရည်ညွှန်းသတ်မှတ်ထားတဲ့ 2019-nCoV ဗိုင်းရပ်စ်ဟာ ယခင်က လူသားတွေမှာ မတွေ့ခဲ့ရဖူးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်ပါတယ်။
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ ဗိုင်းရပ်စ် (coronavirus) တွေဟာ ဗိုင်းရပ်စ်အများအပြားပါဝင်တဲ့ အုပ်စုမှဖြစ်ပြီး ယခင်က ထိုအုပ်စုထဲမှ ဗိုင်းရပ်စ်ခြောက်မျိုးသာ လူတွေကို ကူးစက်ခဲ့ဖူးပါတယ်။ ယခု တရုတ်မှာ ကူးစက်ပျံ့နှံ့နေတဲ့ 2019-nCoV ဗိုင်းရပ်စ်က လူတွေကို ကူးစက်တဲ့ ခုနစ်ခုမြောက် ဗိုင်းရပ်စ်ဖြစ်လာပါတယ်။
  • 2019-nCoV ဗိုင်းရပ်စ်ရဲ့ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ခြေ အများဆုံးလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။ ထိုဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ လျင်မြန်စွာကူးစက်နိုင်ပါတယ်။
  • ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် ရင်ကျပ်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ အပါအဝင် ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
  • 2019-nCoV ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိရိစ္ဆာန်တွေကို အကာအကွယ် မလုပ်ထားဘဲ ထိတွေ့ခြင်း မပြုရန်၊ အသားနဲ့ ဥတွေကို သေချာစွာ ချက်ပြုတ်ကြရန်နဲ့ အအေးမိ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာရှိနေသူတွေနဲ့ အနီးကပ် ထိတွေ့နေထိုင်ခြင်း မပြုရန် အကြံပြုထားပါတယ်။

Source: WHO, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က